Friday, July 9, 2010

နှလုံးသား သစ္စာ

ရင်ခုန်တာ နင်မသိပေမယ့်
နင် သိအောင်လည်း မပြောတော့ပါ...
ဝေဒနာ မမြင်မိသူအတွက်
မြင်မိအောင်လည်း မပြတော့ပါ...
ရင်ခုန်သံ မျက်နှာချင်းဆိုင်သူမို့
ဗလာကျင်းတဲ့ (နင့်)နှလုံးသားမှာ
အမုန်းပွားစရာ အချစ်လည်း မဖြည့်တော့ပါ...
လိုအင်ကို အစိမ်းချုပ်
သိမ်းထုပ်လို့ လုံခြုံစွာ
ဆန္ဒကို ရေမှာမျော
နင် သောသောရယ်ဖို့ပါ...
နင် မသိ မမြင်မိပေမယ့်
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေအသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကျဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ..
သြော် ...
နှလုံးသားကို လမ်းခင်း
ချစ်သူနင်းလို့ လျှောက်စမ်းလေ...
ဂျီဇို