Friday, May 21, 2010

လမ်းခွဲရအောင် . . .

"လမ်းခွဲရအောင်. . . "
ဆိုတဲ့ စကားလေးကို ကျွန်မတို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း ၁ နှစ်ခွဲမှာ ဘယ်နှကြိမ်မြောက်မှန်းမသိ မရေမတွက်
နိုင်အောင် ပြောဖြစ်ခဲ့ကြတယ် ... သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားမှာ ဒီလိုစကားမျိုးတွေ ရှိနေတာ ရီစရာတော့ အကောင်းသား ... ... ...

ကျွန်မ သူနဲ့ ချစ်သူတွေဖြစ်ပြီး သိပ်မကြာခင်အချိန်မှာ "လမ်းခွဲရအောင်" ဆိုတဲ့ စကားကို သူ့ဆီက ပထမဆုံးကြားခဲ့ရတာပါပဲ ... အဲဒီအချိန်ကလေ ကျွန်မ အရမ်းကြောက်ခဲ့ရတာ ... သူနဲ့ ကျွန်မကြားမှာ ရှိတဲ့ ပြဿနာကိုသာ ကျွန်မ ဖြေရှင်းလိုက်မယ် သူနဲ့တော့ မဝေးချင်ဘူးလေ ... ဒီလိုနဲ့ ပြဿနာကိုပဲ ရအောင်ရှင်းခဲ့ကြတာ ... သူရဲ့ "ကိုကိုတို့လမ်းခွဲကြရအောင်" ဆိုတဲ့ စကားက ကျွန်မရင်ကို သိပ်ကို နာကျင်စေတာ သူမသိပါဘူး ။ သူနဲ့ ပြန်ပြီး အဆင်ပြေသွားတဲ့ အချိန်တိုင်း ကျွန်မ သူ့ကို တောင်းဆိုခဲ့ဖူးတယ် ... "လမ်းခွဲရအောင်" ဆိုတဲ့ စကားကို မပြောဖို့ပေါ့ ... အဲဒီတုန်းက သူပြောခဲ့ဖူးတယ် ..."လမ်းခွဲရအောင်လို့ သူအရင် စပြောရတဲ့ ရည်ရွယ်ချက်က ကျွန်မ သူ့ကို အရင်ပြောပြီး ထားခဲ့မှာစိုးလို့"တဲ့လေ ... ... ...

"လမ်းခွဲရအောင်... "လို့ ကျွန်မဘက်ကရော မပြောခဲ့ဖူးလား ဆိုတော့ ....
ပြောခဲ့ဖူးတာပေါ့ ...
"လမ်းခွဲရအောင် ကိုကို"လို့လေ ... ဘာလို့ ပြောခဲ့မိလဲဆိုရင် ... ကျွန်မ သိပ်ချစ်ရတဲ့ သူ့ကို ကျွန်မကြောင့်တော့ စိတ်မညစ်စေချင်ဘူး .... ကျွန်မ သူပျော်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုရင်တောင်မှ ကျွန်မကြောင့်တော့ သူ့ကို စိတ်မညစ်စေချင်ဘူး .... ဒါကြောင့် ပြောခဲ့ဖူးတာပေါ့ .... ... ...

သူနဲ့ကျွန်မကို ကံကြမ္မာကပဲ လှည့်စားနေတာလား မပြောတတ်ဘူး .... သူကလည်း ကျွန်မကို မျက်စိရှေ့က အပျောက်မခံနိုင်သလို ကျွန်မကလည်း သူမရှိလို့ မဖြစ်ဘူးလေ ... ဒါပေမယ့် ကျွန်မတို့နှစ်ယောက်ရဲ့နေ့တွေ က အမြဲ ပြဿနာတွေနဲ့ပဲ ဖြတ်သန်းနေရတယ် .... တခါတလေ နားလည်မှုတွေ လွဲတယ် .... တခါတလေ အကြိုက်မတူတာတွေ ရှိတယ် .... တခါတလေ သဘောထားချင်း မတိုက်ဆိုင်တာတွေရှိတယ် ... ဒီလိုနဲ့ ... "ကိုကိုတို့ လမ်းခွဲရအောင် .... " ဒါဆို လမ်းခွဲကြတာပေါ့ ကိုကိုရယ် ... " ဆိုတဲ့ စကား .... ထပ်ခါထပ်ခါ ပြောနေကြတဲ့ ကျွန်မတို့ နှစ်ယောက်ကြားထဲက စကားလေးပေါ့ ... ဒီလိုနဲ့ ပြောပြီးတိုင်းလည်း တယောက်နဲ့ တယောက် မတွေ့ဘဲ နေကြတယ် ... ဒါပေမယ့် အကြာကြီးတော့ မခွဲနိုင်ကြပါဘူး ....

သူပြောနေကျ စကားရှိတယ် ..." ပြဿနာတွေရှိတိုင်း သူအရမ်းပင်ပန်းပြီး ကျွန်မ အနားက ထွက်သွားပေမယ့် တကယ်တမ်းတော့ ကျွန်မ မရှိဘဲလည်း သူမနေနိုင်ဘူး"တဲ့လေ .... ကျွန်မလည်း အတူတူပါပဲ ... သူနဲ့ ပြဿနာတွေ ဖြစ်ပြီးတိုင်း သူနဲ့လမ်းခွဲခဲ့ပေမယ့် ကျွန်မအနားမှာ သူမရှိဘူးဆိုတဲ့ အတွေးက ကျွန်မရဲ့ အနာဂါတ် ကို အဓိပ္ပါယ်မဲ့စေတာ အမှန်ပါပဲ .... .. ဒီလိုနဲ့ လမ်းခွဲရအောင်လို့ ခဏခဏပြောနေကြတဲ့ ကျွန်မတို့ချစ်သူနှစ်ဦး တယောက်နဲ့တယောက် ဝေးဝေးမသွားနိုင်ဘဲ အနားကို ပြန်ရောက်ရောက်လာတဲ့ အကြောင်းအရင်းတွေက အဲဒါတွေပဲ ထင်ပါတယ် .... .... .....

ဒီလောက်များနေတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းလဲဆိုရင်တော့ ... "အချစ်" ... "စစ်မှန်တဲ့ ချစ်ခြင်းတရား" ... ကျွန်မကတော့ ကျွန်မတို့နှစ်ယောက် ထားရှိတဲ့ "ချစ်ခြင်းတရား"နဲ့ ဖြေရှင်းတယ်လို့ ယူဆမိတာပါပဲ ... တခါတလေ သူ့ရဲ့လုပ်ရပ်တွေက ကျွန်မကို နာကျင်စေသလို ကျွန်မရဲ့ လုပ်ရပ်တွေကလည်း သူ့စိတ်ကို ထိခိုက်မိစေမှာပေါ့ ... အဲဒီလို အဖြစ်အပျက်တွေကို နားလည်မှု မပေးနိုင်ပါဘူး ... အမှန်ပါပဲ .... ကိုယ့်ကိုကိုယ်တောင် နားလည်ဖို့ ခက်ခဲတဲ့ လောကကြီးမှာ ... သူတပါးကို အပြည့်အ၀ နားလည်ပေးဖို့ဆိုတာ ... သိပ်ကို ခက်ခဲပါတယ် .... ဒီတော့ ကိုယ်တိုင်နားလည်လက်မခံပေးနိုင်တဲ့ အဖြစ်အပျက်
တွေ ရှိတာပေါ့ ... အဲဒီအဖြစ်အပျက်တွေဆို နားမလည်ပေးနိုင်ရင်တောင် သိပ်ချစ်ကြတဲ့ အချစ်တွေနဲ့ ခွင့်လွှတ်ပေးလိုက်ကြတယ် ... .... ...


လမ်းခွဲခြင်း မှတ်တိုင်

"လမ်းခွဲခြင်းမှတ်တိုင်" တဲ့
ဒီမှတ်တိုင်မှာ
ကျွန်မတို့နှစ်ယောက်
အကြိမ်ကြိမ် ခြေစုံရပ်ဖူးခဲ့ကြတယ်
လမ်းခွဲခြင်းမှတ်တိုင်ကနေ
မတူညီတဲ့ လမ်းခွဲတခုစီကို
ရွေးချယ်ခဲ့ကြတယ်
သူရွေးတဲ့လမ်း သူလျှောက်
ကျွန်မရွေးတဲ့လမ်း ကျွန်မလျှောက်
ဒါပေမယ့်လေ ...
အဲဒီလမ်းခွဲ၂ခုက
တနေရာရာမှ ပြန်ဆုံနေကြလေ
ခုလည်း ...
ကျွန်မတို့၂ယောက်
မတူညီတဲ့ လမ်းခွဲကို
လျှောက်နေကြပြန်ပြီ
ဒါပေမယ့်
ခုလျှောက်နေကြတဲ့ လမ်းခွဲက
ပြန်ဆုံမယ့် လမ်းခွဲလား ?
ပြိုင်မျဉ်းတွေရဲ့ လမ်းခွဲလား ?
ကျွန်မ မသိဘူး!!!!

ရှင်ထိပ်ထား



Sunday, May 16, 2010

ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ


"ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ"

ဝင်သက်၊ ထွက်သက် ဖြည်းဖြည်းချင်းမှာ

အသိစိတ်ကို ခဏလေး လွှတ်ချထား

ကျွန်တော်ချစ်တဲ့ နတ်သမီးလေးလေ . . .

အေးအေးဆေးဆေး အိပ်ပျော်နေရှာတယ

ခါတိုင်းလို စကားတွေ တတွတ်တွတ် မပြောဘဲ၊

ကျွန်တော့်ကို ပြောင်ချော်ချော်မရယ်ပြဘဲ၊

မျက်လုံးလေးမှိတ် . . . သူ အိပ်နေတယ်

ပါးလေးဖောင်းလို့

နှုတ်ခမ်းလေးထော်လို့

ကျွန်တော့်ရဲ့ ခပ်စွာစွာနတ်သမီးလေး

ယဉ်ယဉ်ကျေးကျေး အိပ်ပျော်နေတယ်

သူ့ကို သွားမနှိုးကြပါနဲ့

ကျေးဇူးပြုပြီး မနှိုးလိုက်ပါနဲ့

နတ်သမီးလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါစေ

စိုက်ကြည့်မိရင် မနေတတ်မထိုင်တတ်ဖြစ်တဲ့ ကောင်မလေး

ကျွန်တော်ဟာ အခုမှပဲ. . .

သူ ခေါင်းလေးစောင်းပြီး အိပ်နေတာကို ငေးကြည့်ခွင့်ရ

သူ့ဆံပင်လေးတွေပါ ငြိမ်သက်အိပ်ပျော်နေတာကို ငေးကြည့်ရ

ကျွန်တော့ရင်ခုန်သံဟာ သူ့နောက်ကို ကဆုန်ပေါက်ပြီးလိုက်လို့. . .

ကျွန်တော်သိပါတယ်

သူနိုးလာရင် မနည်းတွန်းဖွင့်ထားရတဲ့ မျက်လုံးလေးကို ပြူးနေအောင်ဖွင့်

ကျွန်တော့်ကို လိုက်ရှာတော့မှာ

ကျွန်တော့်ကို မြင်ရင် "ဟီး"ကနဲ တချက်ရယ်ပြမှာ

ကျွန်တော်သိပါတယ်

စက်သေနတ်ပစ်သလို စကားတွေ တတွတ်တွတ်ပြောတော့မှာ

စကားများတယ်လို့ ပြောပြန်ရင်လည်း နှုတ်ခမ်းစူ၊ စိတ်ကောက်တော့မှာ

သူနိုးလာရင် သူ့ကို စိုက်မကြည့်မိအောင်

ကျွန်တော့်မျက်လုံးတွေကို ကပျာကယာ သိမ်းထားဖွက်ထားရမှာ

အဲဒါတွေထားပါ၊ အခုလောလောဆယ်

ကျွန်တော့် ပေကပ်ကပ်နတ်သမီးလေး

ငြိမ်သက်အေးဆေး . . . အိပ်ပျော်နေတယ်။

သူရဿဝါ



Friday, May 14, 2010

သင့်အသည်းပန်း


သင့် ရင်နှင့်ရင်းတဲ့
သင့် အသည်းပန်းကို
သင် ကိုယ်တိုင်ခူးဆွတ်
သင့် လက်ဖျားနှင့်
ငါ့ ဆံနွယ်ထက်မှာ ပန်ဆင်ပေးပါ
ငါ အသင့်အတွက်
အမြဲ ဦးညွတ်ပေးထားတယ် ။ ။
ရှင်ထိပ်ထား
(MAY 1,2010)
(2:00pm)

အဆိပ်သင့်ပန်း




ချစ်ခင်မှုကို အပြစ်မြင်

ရက်စက်ချင်တဲ့ လူသားကို

နောင်များဆို ရှောင်မယ်

မလောင်ခင်တားတဲ့ မီးလိုပေါ့ . . .။


မြတ်နိုးမှု ပန်းတပွင့်

စတင်ဖူးပွင့်ခဲ့စဉ်မှာ

အဆိပ်ရည်နဲ့လောင်း

လှောင်ပြောင်မှုနဲ့ ပေါင်းသင်

ကဲ. . .

ဒီအပင် ရှင်နိုင်ပါဦးမလား . . .။


မပွင့်တော့မဲ့ ပန်း

မလန်းတော့တဲ့ အပင်

အခု အသက်ငင်နေပြီဆိုမှ

ထည့်ပါဦးလေ မြေသြဇာ

သေလို့သာသွားမယ်

ရမလာနိုင်တော့ဘူး

ဒီအချစ်ပန်းတွေ နွမ်းပါစေတော့ . . .။


တယောက်တည်းရည်စူး

တဦးတည်းပန်စေချင်

ဒီပန်းရဲ့ဖြစ်အင်ကို

သနားလို့ကြည်ဖြူ

ထွေးပွေ့လိုသူတွေ လက်ကမ်းတော့

မင်းက လွမ်းချင်သတဲ့လား. . . . ။


ပြန်ကမ်းတဲ့ ဒီလက်

လှောင်ပြောင်မှုနဲ့ အဆိပ်သက်မှာ ကြောက်လို့

မြတ်နိုးမှုချစ်ခြင်းပန်းတွေ

တခါပြန်လန်းအောင်

ငါကိုယ်တိုင်လည်း မစွမ်းတော့ဘူ. . . .။


မိုးမခနှင်း

မြတ်နိုးမှု အမုန်း

မောင်
အချစ်နှင့် အမုန်းကြား
ဗျာများခြင်းတွေလည်း
အဆုံးသတ်တတ်ခဲ့ပြီ မောင်။
မောင် ပေးခဲ့တဲ့
အလွမ်းဆိုတာလည်း
သဘာဝမှာ
အထာကျနေခဲ့ပြီ မောင်။
မကြာခဏ
မြင်နေကျ မျက်ဝန်းညိုလည်း
အိပ်မက်ကမ္ဘာမှာ
ချန်ထားရစ်ခဲ့ပါပြီ မောင်။
ဒါပေမယ့်ကွယ်
တဘ၀မှာ တခါသာချစ်တဲ့
နှလုံးသားမိုက်ပြစ်အတွက်
မောင့်အမုန်းတွေကို
ထာဝရ
သိမ်းထားခွင့်ပြုပါ မောင်။ ။
ခင်ဟန်နီ

ငါ့ဘဝ


တကယ်တော့ ငါဟာ နင့်အတွက် အရုပ်တရုပ်ပါပဲ
နင် လိုအပ်နေတဲ့ အချိန် ငါ့ကိုယုယ ငါ့ကိုကြင်နာ ငါနဲ့ဆော့ကစား
အဲဒီအချိန်တွေ သိပ်ကြည်နူးဖို့ကောင်းတယ်ဟ
ဒါပေမယ့် ငါ. . . နင့်လိုအပ်ချက်တွေ ဖြည့်ဖို့ အချိန်မမှီတော့ရင်
ငါဟာ နင့်အတွက် စက္ကူစုတ်လောက်မှ အသုံးမ၀င်တော့ဘူးဆိုတဲ့ အကြည့်တွေနဲ့
ငါ့ကို ပိုင်ဆိုင်ရခြင်းအပေါ် အမုန်းကြီးမုန်း
နင့်ဒေါသတွေ ငါ့ကို ပေါက်ကွဲ
ငါဟာ ထောင့်တထောင့်မှာ တိတ်တိတ်လေး နင့်ကို ငေး ကြည့် . . . . . . . .
အဲဒီအချိန်တွေမှာ ငါ ဘာဖြစ်နေလဲ နင် တွေးမိလား ? ? ? ?
ငါလေ . . .
နင့်လိုအပ်ချက်ကို မသိလိုက်ခြင်းအပေါ် နောင်တတွေ တနင့်တပိုး
နင့်အကြိုက် ငါ့မှာ မရှိခဲ့ခြင်းအပေါ် ငါ့ကိုယ်ငါ အမုန်းကြီးမုန်း
နင် ငါ့ကို ရင်ခွင်ထဲ ပိုက်ပြီး တယုတယ ပြန်ဆော့ကစားမယ့်အချိန်ကို တိတ်တိတ်လေး တမ်း . . . .
အဲဒါ ငါ့ဘ၀တဲ့ . . . . . . . . .
ငါ သိပါတယ်ဟာ နင်ငါ့ကို စွန့်ပစ်သွားမှာ မဟုတ်သေးဘူးဆိုတာ
ဘာလို့လဲ သိလား . . . . . . .?
ငါက နင့်အတွက် အကြမ်းခံတဲ့ အရုပ်တရုပ်လေ
နင်ဆောင့်ပြီး ပစ်ချလည်း ငါက ငိုရုံပဲ ငို နာကျင်တယ်လို့ ပြောမထွက်
နင် ထောင့်ထဲ ပစ်ထားလည်း နင်လိုအပ်ချိန် အပြုံးမပျက်
ဒီမှာ ... နင် မြင်နိုင်မယ်ဆိုရင်လေ . . . .
အဲဒီအရုပ်လေးရဲ့ နှလုံးသားမှာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ အက် ကြောင်း တွေ . . . . . .
ရှင်ထိပ်ထား
(May 7,2009)

Monday, May 10, 2010

မေမေသို့. . .


တမ်းတမိသည် မေမေ့အပြုံး

နွမ်းနေသော်လည်း ပန်းသည်မထင်

အေးချမ်းမှုပေး ထိုအပြုံးအား

မော်ဖူးချင်သည်

မြတ်နိုးတွယ်တာကြီးစွာဖြင့်. . .


တမ်းတမိသည် မေမေ့ရင်ခွင်

ဝေးနေသော်လည်း နွေးဆဲမေတ္တာ

ကရုဏာအပြည့် ထိုရင်ခွင်အား

ပြန်လို့တိုးဝင်

လုံခြုံချင်သည်

ယုံကြည်အားကိုးမှုများနှင့် . . .


ရှင်ထိပ်ထား

(May 9 , 2010)

(2:00 pm)
2010 အမေများနေ့အမှတ်တရ ...