Friday, June 4, 2010

ငါ့ မျက်လုံးကို စေ့စေ့ကြည့်ပါ



ငါ့ ကို

မင်း မ သိ ဘူး လို့ ပြော ရင်
ငါ့ မျက်လုံး ကို စေ့ စေ့ ကြည့် စမ်း ပါ။

ရင် မ ခုန် တော့ ပါ ဘူး လို့ ငါ ယုံ သွား လောက် မယ့်
ခပ် စိမ်း စိမ်း မျက် ၀န်း များ နဲ့ ပေါ့ ။

နာ ကျည်း ချက် တွေ ကို လည်း ဖုံး ကွယ် မ ထား ပါ နဲ့။
နာ ကျင် ခဲ့ ရ တဲ့ မျက် ရည် တွေ ကို သာ
ငါ မ မြင် အောင် ဟန် ဆောင် ထား စမ်း ပါ ကွယ် ။

တို့နှစ် ယောက် ဟာ
တ ချိန် တုန်း က မဆုံ ခဲ့ ရ တဲ့ အချစ် ရူး ရူး ခဲ့ သူ တွေ ပေါ့ ။
ဒါ တွေ ကို မင်း မ သိ ဘူး လို့ ပြော ရင်
ငါ့ မျက် လုံး ကို စေ့ စေ့  ကြည့် စမ်း ပါ ။
ငါ မ ယုံ နိုင် အောင် ပြောင်း လဲ သွား မယ့်
ခပ် စိမ်း စိမ်း စ ကား လုံး များ နဲ့ ပေါ့ ။

မေ့ နေ ရင် တောင် မ မေ့ ဘူး ဆို တဲ့
အ မုန်း တ ရား များ နဲ့ အ ဝေး ကို လွင့် သွား မယ့်
ခြေ လှမ်း များ ဟန် ဆောင် မှု နဲ့ ငါ့ အ နား ကို လာ စမ်း ပါ။
တို့ နှစ် ယောက် ဟာ နောင် ဘ ၀ အ ထိ သူ စိမ်း တွေ ဖြစ် နေ ဦး မယ် ဆို တာ

မ ယုံ မ ရဲ နဲ့ ယုံ မှတ် သွား လောက် သည် အ ထိ
ငါ့ မျက် လုံး ကို မင်း ... စေ့ စေ့ ကြည့် လိုက် စမ်း ပါ ကွယ် ။ ။

နန်း




ကို ... ပျော်ပါစေ ...


မချစ်ခဲ့တာ မဟုတ်ဘူး
မချစ်တတ်တာပါ။
ဂရုမစိုက်တာ မဟုတ်ဘူး
နားလည်ပေးခဲ့တာပါ။
သ၀န်မတိုခဲ့တာ မဟုတ်ဘူး
ငြိုငြင်မှာ စိုးခဲ့တာပါ။
အလေးမထားတာ မဟုတ်ဘူး
မြိုသိပ်ခဲ့တာပါ။

အလေ့အကျင့် ဖြစ်နေခဲ့တဲ့
ဆန့်ကျင်ဘက်စိတ်နဲ့ ငါ
နင့်စိတ်တိုင်းကျ ပုံစံဖြစ်အောင်
လေ့ကျင့်နေချိန်မှာ
နင်က ထားရစ်ခဲ့တော့အလဲလဲအပြိုပြိုနဲ့
ရင်ပွင့်မတတ် ကြေကွဲနေခဲ့ရတယ်။

တချိန်လုံး အနိုင်ယူခဲ့တဲ့ငါ
နင်ကအနိုင်နဲ့ ပိုင်းသွားတဲ့အခါ
အရှူံးကို ရင်မဆိုင်ရဲ
တယောက်တည်း ကြေကွဲ
ရင်ကွဲကျန်ခဲ့ရတယ်။

ကောက်ရိုးတမျှင်စာတောင်
ဖေးကူပေးမဲ့သူမရှိ
ပို့ခဲ့ဖူးတဲ့ message တွေဖတ်ပြီး
အတိတ်ကို လွမ်းခဲ့ရတယ်။

အလွမ်းဆိုတာ မသိခဲ့တဲ့ ငါ့ကို
အလွမ်းအကြောင်း နားလည်အောင်
လက်တွေ့သင်ပေးခဲ့တာလား ?
အချစ်ခံခဲ့ရတဲ့ ငါ့ကို
အချစ်ငတ်သူတွေရဲ့အကြောင်း သိတတ်အောင်
နင် သင်ပေးခဲ့တာလား ?
အောက်မကျို့တတ်တဲ့ ငါ့ကို
အစွယ်ကျိုးအောင်
ချိုးခဲ့တာလား ?
အထီးမကျန်ဖူးတဲ့ ငါ့ကို
တယောက်တည်းနေဖူးအောင်
ညွှန်ပြပေးခဲ့တာလား ?
မျက်ရည်ကို အလွဲသုံးစားလုပ်တတ်တဲ့ ငါ့ကို
နေရာတကျ အသုံးချတတ်အောင်
သင်ပေးခဲ့တာလား ?
နင်ရက်စက်ခဲ့လို့
ငါ ကြေကွဲကျန်ခဲ့ရတာကို သိရရင်
နင်တကယ်ပျော်မှာလား ?
နင်နဲ့ ပတ်သတ်သမျှ
တခုပြီးတခု စဉ်းစားပြီး
မိနစ်တိုင်း ကြေကွဲနေရတယ်ဆိုရင်
နင်ကျေနပ်ပြီလား ?

ဒါဆိုရင်တော့
ဒီအဖြစ်ဆိုးမျိုး
နောင်ဘ၀မှာ မခံစားရအောင်
ဝဋ်ကြွေးကျေအောင် ဆပ်ခဲ့မယ်
"ကို...ပျော်ပါစေ"

အလင်းနစ်

Tuesday, June 1, 2010

အရှူံးချစ်သူ၏ စကားများ




(၁)
အကြောင်းကြောင်းသော အကြောင်းတွေကြောင့်ပဲ
အမျိုးမျိုးသော အမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲလေ။

(၂)
ချစ်ခြင်းမေတ္တာဟာလည်း
အနိစ္စတရားမှာ အလုံးအရင်းပါတာပါပဲ
ဟောဒီလှိုင်းတွေက
တချိန်မှာ ငြိမ်သက်ရဦးမယ်
အခုတော့
ငါ ကိုက်မိတဲ့ ငါ့နှုတ်ခမ်းက
သွေးစို့နေဆဲပါ။

(၃)
မေးပါရစေ . . .
ချစ်သူက အထင်သေးတာလောက်
ရင်နာစရာကောင်းတာ
လောကမှာ ဘာရှိပါသလဲ
နင်ခိုင်းသလို ခေါင်းမဖြီးတာနဲ့ပဲ
လူညံ့ဘ၀မှာ
ငါ...............ခြောက်လကြာခဲ့တယ်။

(၄)
မေတ္တာတရားဟာ ချိန်ခွင်ပါပဲ
နှစ်ဖက်အလေးချိန်တူဖို့လိုတယ်
တယောက်ယောက်က လိုရင်ဖြစ်ဖြစ်
တယောက်ယောက်က ပိုရင်ဖြစ်ဖြစ်
တဖက်စောင်းနင်းဝေးကွာမှုဟာ
နှစ်ဆ တက်လာမယ်။

(၅)
ငါနာကျင်ဖူးသလို နင်နာကျင်ဖူးမယ်
နင်နာကျင်ဖူးသလို ငါနာကျင်ဖူးမယ်
နင်နာကျင်မှုကိုပဲ တွက်ပြီး
ငါ့ဘက်ကို မစဉ်းစားရင်
ချစ်သူတို့ ယဉ်ကျေးမှုဟာ
ဟန်ချက်ပျက်သွားနိုင်တယ်။

(၆)
ဟိုး... တချိန်ကိုပြန်ကြည့်လိုက်တော့...
ငါစောင့်စည်းခဲ့တယ်
ငါထိန်းသိမ်းခဲ့တယ်
ငါ့အပေါ်ကျ
မစောင့်စည်းကြပါတကား
မထိန်းသိမ်းကြပါတကား
ပျက်ကွက်ခဲ့ကြပါတကား
ဘယ်သူချမှန်းမသိတဲ့ ကျိန်စာက
ငါ့အပေါ်ရှိနေတုန်းပါပဲလား
ရင်နာစရာပါပဲလေ။

(၇)
ငါပေးဆပ်ခဲ့တဲ့ နည်းနည်းပါးပါးလေးတွေထဲမှာ
ချစ်ခြင်းတရားနဲ့ မတို့ထိတာ ပါဝင်ခဲ့ဖူးသလား။
အစုန်အဆန် စဉ်းစားကြည့်ပါ
ငါ့ သိက္ခာတရားတို့ကို
ငါ့ ကိုယ် ငါ လျှော့စေမယ်လို့
နင်...
ထင်ရက်ပါသလား။

(၈)
ယူသလောက်ပြန်ပေးရမယ်လို့ ငါမပြောခဲ့လို့များ
ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား။
ငါလည်း ဒီတယောက်ကျမှ
ရှိစုမဲ့စု "ပုံအော"ခဲ့မိတယ်။
ဒါအကုန်ပဲလို့
ငါ ဘယ်လိုပြောရမှာလဲ။

(၉)
ငါ့ထက်မြတ်မှုကိုမှ
နင်က ချော့မွေ့စေချင်ခဲ့တော့
ငါ့ငြိမ်းအေးရာ ဇရပ်ကိုမှ
နင်က တိုက်ယူချင်ခဲ့တော့
နင်တခွန်း ငါတခွန်းမှာပဲ
ငါတို့ ကျောချင်းကပ် လွဲခဲ့တယ်။

(၁၀)
နင့်အလင်းနဲ့ ငါ့ကမ္ဘာကြား
ဘယ်လို အရာဝတ္ထုတွေများ ၀င်ရောက်ခြားနားလို့
အရိပ်မည်း အရိပ်ကွက်တွေနဲ့
နင် "နေကြတ်"သွားခဲ့ပါလိမ့်။
နင်နှစ်သိမ့်မှာကို လိုချင်တာလည်း
စိတ်ကူးယဉ်မှုတခုပါပဲဆိုတာ
အခုချိန်မှာ . . . .ငါ
အလူးအလိမ့် နားလည်ခဲ့ပါပြီ။

(၁၁)
ဘယ်လိုကာလမျိုးအထိ
ငါ့မှာ နာနာကျင်ကျင်ရှိနေရမှာလဲ။
နင့်စကားကို ငါ
ခေါင်းငုံ့နာခံခဲ့တယ်
ငါ့စကားကိုတော့ နင်
အရွဲ့တိုက် ဆန့်ကျင်ခဲ့တယ်။
ငါတောင်းဆိုတဲ့ တခွန်းနှစ်ခွန်းကိုတောင်
နင်က ခြွင်းချက်တွေ လိုချင်နေမှတော့
ငါ .... ဘာများပြောရဦးမှာလဲ။

(၁၂)
အချစ်မှာ သံသယလေးလိုတယ်
မင်း ကျင့်သုံးဖူးရဲ့နဲ့များ
အချစ်မှာ သ၀န်တိုမှုလေး လိုတယ်
မင်း စိတ်ညစ်ဖူးရဲ့နဲ့များ
အချစ်မှာ အနိုင်ယူမှုလေး လိုတယ်
မင်း တချက်တည်း ပိုင်းဖူးရဲ့နဲ့များ
ငါ့ဘက်ကိုကျတော့
မင်း တပြားမှ ခွာမပေးခဲ့ပါတကား။

(၁၃)
ငါမြတ်နိုးတဲ့ နူးညံမှုကိုမှ
နင်ရဲ့ဒေါသမာနလှိုင်းတွေကြားမှာ
နစ်မြှုပ်ပျောက်ကွယ် စေခဲ့ရင်လည်း
ငါ့ရဲ့ ငိုရှိုက်သံတွေကို
နင် နားဆင်ဖို့ မလိုအပ်တော့ပါဘူး။

(၁၄)
အပြန်အလှန်ရယ် ဖြစ်လာရင်
အနည်းအများဆိုတာ ဖြစ်လာမှာပဲ
ဒီလိုသာ တွက်ချက်နေကြရင်
မေတ္တာဟာ ဈေးကွက်ဆန်သွားလိမ့်မယ်။

(၁၅)
နင်နာကျင်နေရင်
(အောင်မြင်တာ မအောင်မြင်တာ ခဏထားလို့)
နှစ်သိမ့်ဖို့ ငါကြိုးစားခဲ့တယ်
ငါ နာကျင်နေရင်
မြင်တတ်အောင် နင်မကြည့်ဘူး
ငါတော့
ထုတ်ချင်းခတ်ဆူး......စူးခဲ့ပြီ။

(၁၆)
ငါ နင့်ကို မခွဲနိုင်မှန်းသိတော့
နင် ငါ့ကို လက်ဖျားလေးပေါ် တင်လှည့်တောမယ်
ပေါ့ပေါ့ဆဆ နှစ်သိမ့်မှုတွေဟာ
ငါ့ကို ပိုစိတ်နာစေတယ်
ဒါပေမယ့် ငါကျေနပ်ရမှာပါ
ငါက ချစ်မိသူကိုး။

(၁၇)
"ဒီလိုမပြောပါနဲ့"လို့ နင်ပြောလိမ့်မယ်။
တကယ်တော့
ငါ့စကားကို နာကျင်လို့ မဟုတ်ဘူး။
နင်.... နားငြီးလို့ပဲဖြစ်မှာပါ။

(၁၈)
နင်ခေါ်နေကျ ငါ့နာမည်ကို
တိုးတိုးလေး တခွန်းသာဆိုလိုက်
နင့်ကို အပြစ်တင်ချင်တဲ့ စကားတွေ
ငါ့ကိုယ်ငါ ပြောမိသွားခဲ့
ငါ ထင်ထားတဲ့ နင့်အမှားတွေဟာ
ငါ့အမှား လုံးလုံးဖြစ်ခဲ့
အပြစ်တင်ရင်း အပြစ်တင်ရင်း
နင့်ကိုငါ တောင်းပန်မိရက်သား ဖြစ်ခဲ့
ချစ်မိတဲ့သူ ဆိုတာမျိုးက
နှစ်ထပ်တိုးနဲ့ ရှုံးရတယ်။

(၁၉)
"ငါ သူ့ကို မေ့နိုင်ပါ့မလား"
စိတ်ကူးနဲ့ ခဏခဏတွေးကြည့်တယ်
အဲဒါကိုက သတိရဖို့ ဖြစ်ခဲ့ပြီ။
ငဲ့ကွက်စရာတွေကို မငဲ့ကွက်ရင်တောင်မှ
နင့်ကိုငါ မေ့လို့မရတော့ဘူး။

(၂၀)
နင် စိတ်ချမ်းသာဖို့အတွက်
မဲ့ရမယ့်အချိန်မှာ ငါ ပြုံးခဲ့တယ်။
စိတ်ဆိုးရမယ့်အချိန်မှာ ငါကြင်နာခဲ့တယ်။
မာနတင်းရမယ့်အချိန်မှာ ငါ အလံ"ဖြူ" ခဲ့တယ်။
သြော်... ငါဟာ
လူပေါလူကြောင် ဖြစ်ခဲ့ပြီပေါ့လေ။
အခုတော့ ဒါတွေအားလုံးဟာ
ငါ့အခန်းဝှက်လေးထဲမှာ
ယမ်းတွေလိုပဲ အောင်းနေတယ်။

(၂၁)
နင့်ရဲ့ တဖက်သတ်မဲ့ပြုံးကို
သေလောက်အောင် စိတ်နာတယ်။
ငါ့အလုံးစုံ မြတ်နိုးမှုဟာ
နင့်အတွက် မလုံလောက်ရင်တောင်
စော်ကားစရာ အကြောင်းမရှိပါဘူး။
ငါက
နင်ပေးတဲ့ အမာရွတ်တွေကို အလှဆင်ခဲ့သူ
နင်က
ငါပေးတဲ့ မြတ်နိုးမှုတွေကို ခြေသုတ်ခဲ့သူ
မင်းရဲ့ ပစ်ပစ်ခါခါ အကြည့်မှာ
ငါ့ ငယ်ထိပ်ကို မြွေပေါက်ခဲ့ပြီ
နည်းနည်းတော့ ငဲ့ကွက်သင့်ပါတယ်။

(၂၂)
လဆန်းရက်မို့လို့
လဆုတ်ကို ထည့်မတွက်တာလား။
တောင်တက်ခရီးမို့လို့
တောင်အဆင်းကို မစဉ်းစားတာလား။
ရောက်ချင်ရောက်လာနိုင်တဲ့ တချိန်ချိန်ကို
ငါ့လိုများ
မင်း..... ကြိုမမောခဲ့ဘူးလား။

(၂၃)
ငါပဲသိတဲ့ ငါ့အရှုံးကို
(နှစ်ချို့ပြီး)
စံပယ်လို သီကုံးခဲ့ပြီ။
မင်းအပြုံးတ၀က်မှာပဲ
ငါ့မာနတွေ ပြိုလဲခဲ့ပြီ။

(၂၄)
တကွက်ချန် မင်းအချစ်ကြောင့်
ပစ်ရမှာလည်း ခက်ခဲ့ပြီ။
ငါ့စိတ်ရဲ့ အခြားသောဘက်က အတွင်းကြေဒဏ်ရာ
ငါ့ဘာသာ ကြိတ်ကုစားတော့မယ်
ငါ ကွယ်ဝှက်ထးတာ နာကျင်မှု
နင် ကွယ်ဝှက်ထားတာ ဘာလဲ။
မင်းမပြောဘဲ ငါ မသိချင်ဘူး။
မ....သိ....ချင်....တော့......ပါ.....ဘူး။

(၂၅)
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေမှာပဲ
အမျိုးမျိုးသော အမျိုးမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်........တတ်နိုင်ပါ့မလဲ
ကံကြမ္မာရယ်
ငါ ပြင်ဆင်ထားခဲ့တာ ကြာပါပြီ။

သက္ကမိုးညို









သူပြောပြခဲ့ဖူးသော ပုံပြင်တပုဒ်-၁

ဟိုးရှေးရှေးတုန်းက နတ်သမီးလေးတပါးက တောထဲကို အလည်ထွက်ခဲ့တယ် . . .

အဲဒီတောအုပ်လေးက ပန်းတွေချည်းပဲ ပွင့်တဲ့ တောအုပ်လေးပေါ့ . . .

နတ်သမီးလေးကလည်း ပန်းလေးလိုပဲ ရွှေအဆင်ရုပ်ထုလေးလိုပဲ အရမ်းလှတယ် ... ဒါပေမယ့် သူက ပျော်တတ် စတတ်တယ် . . .

သူ့တန်ခိုးနဲ့ ပန်းပွင့်လေးတွေကို ၀ှက်ထားတာမျိုး၊ ကြယ်လေးတွေကို ခရေပွင့်အဖြစ် ပြောင်းတာမျိုး အဲသလိုမျိုး ရိုးသားတဲ့ စနောက်မှုလေးတွေနဲ့ပေါ့ . . .

အဲဒီနတ်သမီးလေးက တောအုပ်ရဲက တနေရာလည်း ရောက်ရော အရမ်းလှတဲ့ နှင်းဆီပင်က နှင်းဆီပွင့်တွေရဲ့ ဆူးတွေကို ဖြုတ်ဖို့ သင့်မသင့် စဉ်းစားနေတုန်း . . . . ခါး ကုန်း ကြီး တယောက်ကို တွေ့ရော တဲ့ . . . ။

ဒါနဲ့ပဲ သနားတတ်တဲ့ နတ်သမီးလေးက ခါးကုန်ကြီးကို ပျော်အောင်လုပ်ပေးဖို့ စဉ်းစားပြီး ခါးကုန်းမကြီး ယောင်ဆောင်လိုက်ပါလေရော . . . ။

ပြီးတော့ ခါးကုန်းကြီးဆီသွား ... တူတူပုန်းတမ်းဆော့မယ်တဲ့ ... အဖော်မဲ့ ခါးကုန်းကြီးကလည်း ပျော်သွားတယ် ... ဆော့မယ်ပေါ့ ... တယောက်တလှည့်ပုန်းဖို့ မဲချတော့ ခါးကုန်းမကြီးမဲကျတယ် ... ခါးကုန်းမကြီးက ခေါင်းလောင်းပန်းပင်လေးထဲ ၀င်ပုန်းတုန်း တခုသော ခေါင်းလောင်းပန်းပင်လေးကို ခလုတ်တိုက်မိလိုက်တော့ ဂီတသံလေးနဲ့အတူ ပန်းပွင့်နတ်သားလေး ပေါ်လာတယ် . . . ။

နတ်သမီးလေးဟာ နတ်သားလေးကို မြင်မြင်ချင်းချစ်သွားတော့ မူလနတ်သမီးလေးလို ပြန်ပြောင်းလိုက်တယ် .. နတ်သားလေးကလည်း သိပ်လှတဲ့ နတ်သမီးလေးကို ချစ်သွားတယ် . . . နှစ်ယောက်သား လျှောက်လည်ကြဖို့ တိုင်ပင်ကြတယ် ... ။

နတ်သမီးလေးက ခါးကုန်းကြီးကို မမေ့ပါဘူး ... သူရှာနေတဲ့ဆီသွားပြီး သူ ပြန်တော့မှာမို့လို့ ဆက်မရှာဖို့ ပြောခဲ့တယ် ... ။

ခါးကုန်းကြီးက နတ်သမီးလေးကို ပြုံးပြလိုက်တယ် . . . ဘာမှတော့ ပြန်မပြောဘူး . . . နတ်သမီးလေး ထွက်သွားမှ ဆက်ကာ ဆက်ကာ ရှာနေတယ် . . .ဟုတ်တယ်လေ .. သူရှာနေတာ နတ်သမီးလေး မဟုတ်ပါဘူး ခါးကုန်းမကြီးပါ . . . ။

ဒီနေ့အထိလည်း တောထဲမှာ ခါးကုန်းကြိးတယောက် ခါးကုန်းမကြီးကို ရှာနေတုန်းပါ တဲ့ . . . မရှာနဲ့တော့လို့များ မပြောလိုက်ပါနဲ့ . . . ကမ္ဘာပေါ်မှာ သူပိုင်ဆိုင်တာ မျှော်လင့်ချက် တခုတည်းပါတဲ့ . . .

ပုံပြင်လေးကတော့ ဒါပါပဲတဲ့ . . .

သခင်



"သခင်"
တင်းတင်းကိုက်ထားတဲ့ ငါ့... နှုတ်ခမ်းတစုံ
သွေးအလိပ်လိပ်နဲ့ ကွဲထွက်သွားပါစေ
ငါ... အံကြိတ်ပြီး လက်သီးကိုတင်းတင်းဆုတ်ထားတယ်
"နင့်ကို ချစ်တယ်" ဆိုတဲ့စကား
ထွက်မကျအောင်ပါ ... သခင်

ဖြစ်နိုင်ရင်ပေါ့ ...
ငါ့... ရင်ကိုခွဲ သုသေသနပြုလုပ်ကြည့်ရင်
နီမြန်းတဲ့ သွေးစက်တွေကြားက
နင့်... နာမည်တမျိုးတည်းကိုသာ
တွေ့ရမှာပါ ... သခင်

ငါ... ကတော့
နှလုံးသား ရေလည်အုံကြီး စုတ်ကွဲသွားသည်အထိ
ငါ့... ခရီးကို လူမသိသူမသိ မောင်းနှင်နေရဦးမှာပါ

အဝေးတနေရာက ဖြူစင်တဲ့ပန်းတပွင့်
ငါ... အရမ်းချစ်တဲ့ မင်းအတွက်
ကြိတ်မှိတ်မြိုသိပ်ရင်း
ငါ့... နှလုံးသားကို မင်းဆီမှာ ကြိုးစင်တင်လိုက်ပြီ... သခင်

ZOE