Monday, August 23, 2010

မျက်တော်ဖြေ လင်္ကာ



သံယောဇဉ်ကြိုး

နှောင်ဖွဲ့တိုးလည်း

သိုဝှက်အုံ့ပုန်း

ဟန်ဆောင်ပြုံးကာ

နေရပါသည်...။


ပျော်ရာမနေ

တော်ရာနေ(ဘ၀)မို့

မေတ္တာရှိငြား

ထိန်းသိမ်းရ၏...။


မောင့်မျက်နှာညှိုး

တွေ့မြင်ပါလျှင်

တိုး၍နှစ်ဆ

ဝမ်းနည်းရ၏

ချစ်သူ မောင့်အား

ပျော်စေချင်သည်...။


တွေ့ဆုံဖို့ရေး

ရှုပ်ထွေးခြေနေ

ကိစ္စတွေကြောင့်

မောင် ငြိုငြင်မှာ

စိုးထိတ်မိသည်...။


သို့ပေသော်ငြား

ပြောပြချင်သည့်

ရင်တွင်းစကား

သိုဝှက်ထားလည်း

မောင် သိသည်မို့

မောင် ကြည်နူးရန်

မျှော်လင့်ပါသည်...။...။


ရှင်ထိပ်ထား

Saturday, August 14, 2010

မွေးနေ့မှာ မောင်တယောက် ပျော်ရွှင်ပါစေ...

အတူမရှိဖူးပေမယ့်


ဖြစ်ခဲ့ဖူးတဲ့ သံယောဇဉ်ကြောင့်


အမှတ်တရ နေ့စွဲတွေကိုတော့


အစဉ်ထာဝရ သတိရနေဆဲပါ


"မောင်"။


ပိုခဲ့ဖူးတဲ့ စေတနာ


ထားခဲ့ဖူးတဲ့ မေတ္တာ


ပေးခဲ့ဖူးတဲ့ အကြင်နာတွေရယ်ကြောင့်


"မောင်တယောက် အစစအရာရာ


အဆင်ပြေပါစေ"လို့


မောင့်ရဲ့အဝေး ကမ္ဘာမြေလေးက


ရင်ဝယ်တောင်းဆု ပြုမိပါတယ်


"မောင်"။


နှစ်စဉ်နှစ်တိုင်း ဒီနေ့မျိုးမှာ


တူယှဉ်တွဲလို့ မောင့်ရဲ့အနား


အဖော်ပြုပေးချင်ပေမယ့် ...


.................................။


ပြောခွင့်ရယ် မကြုံ


ဆုံခွင့်ရယ် မရတဲ့


ဒီအခြေအနေမှာတော့


ဖြစ်နိုင်မယ်ဆိုရင်လေ...


သြော်...


မောင့်အနားကို တိုးကပ်လို့


ဒီလိုလေး ပြောလိုက်ချင်မိရဲ့...


"မွေးနေ့မှာ မောင်တယောက် ပျော်ရွှင်ပါစေ"။



ရှင်ထိပ်ထား
Aug15,2010