Tuesday, March 22, 2011

မောင်



“ဂျူး မင်းဘယ်သူနဲ့chatနေတာလဲ ခုချက်ချင်း ကိုယ့်နစ်ကို အောက်လိုက်ပါ”
“မောင်.. ပြန်လာပြီလား ဂျူး။ သူ.. မမေဇင်နဲ့ပြောနေတာ”
“အင်း သိတယ် ဘာလို့ chat record ကို off ထားတာလဲ တော်ပြီ သူနဲ့လည်း ဆက်မပြောနဲ့တော့ ခုထွက်လိုက်တော့”
“အင်း.. ဟုတ်”
မောင် ဘယ်အချိန်ထဲက ပြန်ရောက်နေလည်း ကျွန်မ မသိပါ။ ရင်ထဲတွင် အံ့သြခြင်း မယုံကြည်နိုင်ခြင်း နားမလည်နိုင်ခြင်း နာကျင်ခြင်းတို့နှင့် ပြည့်နှက်စွာ ကျွန်မ သူမနှင့် စကားပြောနေမိခဲ့တာ…။
သူမဆိုတာ … မေဇင်။ မောင်ရဲ့ အချစ်ဦး (သို့) ကျွန်မနှင့် ပြတ်သွားပြီး ၁ပတ်အတွင်းပြန်လည်ဆက်သွယ်ခဲ့သော မောင့်လက်ရှိချစ်သူ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကျွန်မနဲ့ မောင်က အရမ်းချစ်ကြတဲ့ ချစ်သူတွေပေါ့။ တယောက်နဲ့တယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်ကို ချစ်ကြတာ။ ဒါပေမယ့် ရန်အဖြစ်ဆုံး စုံတွဲလည်း ဖြစ်နေပြန်တယ်။ ခဏခဏ လမ်းခွဲတယ်။ ခဏခဏ ပြတ်စဲတယ်။ ကြာကြာမနေနိုင်ဘဲ ပြန်လည်တွဲခဲ့ကြတဲ့ ချစ်သူစုံတွဲ။ ကျွန်မတို့ ၂ယောက်အတွက် ပြတ်စဲခြင်း လမ်းခွဲခြင်း ဆိုတာ တကယ့် ရယ်စရာ ပြက်လုံးတခုလိုပါပဲ။ မောင့်သူငယ်ချင်းတွေ ကျွန်မ သူငယ်ချင်းတွေကလည်း ကျွန်မတို့၂ယောက် ပြတ်သွားပြီလို့ ပြောရင် ယုံကြတဲ့သူကို မရှိတော့ဘူး။ ဒီတခေါက်လည်း သူနဲ့ စကားများရန်ဖြစ်ပြီး လမ်းခွဲခဲ့တယ်။ ၁ပတ်လောက်မခေါ်မပြောပဲနေပြီး onlineမှာတွေ့တော့ သူ့ဆီက message ရလာတယ်။
“ကိုယ် မင်းနဲ့ စကားခဏလောက် ပြောချင်တယ် မင်းအချိန်ရလား”
“အင်း ရပါတယ် ပြောပါ”
“ကိုယ် ခေါ်လိုက်မယ်”
“အင်း”
…….
“အင်း ကြားလား”
“ကြားပါတယ်”
“မတွေ့ရတာတောင် ကြာသွားပြီ နေကောင်းရဲ့လား ဂျူး”
“ဟုတ် ကောင်းပါတယ် မောင်ရော..”
ကျွန်မ နှုတ်ခမ်းတချက် ကိုက်လိုက်မိတယ်.. ခုချိန်ထိ မောင်နဲ့ကျွန်မ ပြတ်စဲသွားခဲ့ပေမယ့် သူ့ကို မောင်လို့ခေါ်မိနေတုန်း… သူ သတိထားမိသွားပုံရတယ် .. သူ့လေသံအနည်းငယ် ပျော့ပြောင်းသွားသည်။
“အင်း ကောင်းပါတယ် … ဒီအသံလေး မကြားရတာတောင် ၁ပတ်လောက်ရှိသွားပြီ”
မောင်ရယ် …။ ကျွန်မ မျက်ရည်တွေ အထိန်းအကွပ်မဲ့စွာ စီးကျလာတယ်။ ကျွန်မ မောင့်ကို သိပ်လွမ်းနေတာ မောင် မသိဘူးလား ဟင်…။
“အင်း ဘယ်လိုလဲ အဆင်ပြေတယ် မလား အားလုံးပေါ့။”
ကျွန်မ စကားသံကို ထိန်းပြီးမေးလိုက်တယ်။ ကျွန်မ ငိုနေတာ မောင်သိလို့ မဖြစ်ဘူးလေ။ ဒါက မာနလား ကျွန်မ မပြောတတ်ဘူး။
“အင်း ပြေပါတယ် မောင် ပြောစရာ ရှိလို့ ။ ဂျူး မောင့်ကို တကယ်လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီလား။ မောင်တို့ လမ်းခွဲခဲ့ပြီးပြီဆိုပေမယ့် မောင်က ပိုသေချာအောင် သိချင်လို့ပါ။”
“မောင်က ဘယ်လိုဖြစ်ချင်လို့လဲ။ မောင် ဖြစ်ချင်တာကို ပြောပါ။”
“မောင်က မင်းကို မေးနေတာ။ မောင့်ဆုံးဖြတ်ချက်ကို လွှဲမချပါနဲ့။ ခု မောင် မေဇင်နဲ့ ပြန်ပြီး အဆက်အသွယ်ရတယ်။ မောင့်သူငယ်ချင်းတယောက်ကြောင့်ပါ။ သူနဲ့မောင် အဆက်အသွယ်ပြတ်သွားတာ ၄နှစ်ရှိပြီ။ ဒီနှစ်တွေအတွင်း သူ မောင့်တယောက်ကိုပဲ သစ္စာရှိရှိစောင့်နေခဲ့တယ်။ ခုထိလည်း မောင့်ကို စောင့်နေတုန်းပဲ… ။ မောင် သိချင်တာက ဂျူး မောင့်ကို တကယ် လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီလား။”
မမေဇင်နဲ့ အဆက်သွယ်ရတယ်ဆိုပဲ။ မောင့် ငယ်ချစ်ဦးကြီးပေါ့။ မိဘတွေ သဘောမတူလို့ ဝေးခဲ့ရတာတဲ့ မောင့်ကို သိပ်ချစ်တဲ့ မိန်းမတွေထဲမှာ မောင့်မေမေပြီးရင် သူလည်း ပါတယ်လို့ မောင်ပြောဖူးတယ်။ဒါဆို… မောင်ကရော..။ ကျွန်မ ရင်တွေပူလာတယ်။
“အဲဒီတော့ မောင်က ဘာဖြစ်ချင်လို့လဲ။ သူနဲ့ပြန်ဆက်ချင်လို့လား။ လုပ်ပါ။ မောင့်သဘော။ဂျူး ပြောခွင့်မှမရှိတာ”
“မဟုတ်ဘူး ဂျူး။ မောင်သိချင်တာ ဂျူး မောင်နဲ့တကယ် လမ်းခွဲတော့မှာလား။ ဂျူး စိတ်ထဲက အမှန်ကို သိချင်တာ။”
မောင်ရယ်.. ဂျူးကရော မောင့်စိတ်ထဲက အမှန်ကို သိခွင့်မရဘူးလားဟင်။ မောင့်ရင်ထဲမှာ ဘယ်သူရှိလဲဆိုတာ ဂျူး သိခွင့်မရဘူးလားဟင်။ ဂျူးကို မခွဲနိုင်ပါဘူးလို့ မောင်ပြောလိုက်ရမှာ မောင့်အတွက် သိက္ခာများကျသွားလို့လားဟင်။ ဂျူးကရော… မောင့်ကိုတကယ်ပဲ လမ်းခွဲနိုင်ပြီလား…။ ဟင့်အင်း… ဂျူး… ဂျူး.. မောင့်ကို မစွန့်လွှတ်နိုင်ဘူး။ မောင်မရှိဘဲ ဂျူး တယောက်တည်း….။ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး မောင်ရယ်။
“ဂျူး.. တကယ်တော့ မောင့်ကို မခွဲနိုင်ပါဘူး မောင်ရယ်”
“ဂျူး.. တကယ် ပြောနေတာလား”
“အင်း”
“အဲဒီတော့ ဘာဆက်လုပ်မယ် စဉ်းစားထားလဲ”
“ရှင် ! မောင်ဘာကို ပြောချင်တာလဲ”
“သြော် .. အဲဒီတော့ ဂျူး ဘယ်လို ဖြစ်ချင်လဲလို့ မေးတာပါ”
“မောင်နဲ့ဂျူး … အရင်လိုပဲ ချစ်သူတွေ ပြန်ဖြစ်ကြတာပေါ့”
“အင်း.. ဟုတ်ပါပြီ။ ဒါဆိုလည်း ဂျူးသဘောပါပဲ။”
မောင်ရယ်… မောင်က ပြတ်ပြီးသားအခြေအနေတခုကို ပြန်စခဲ့တာပါ။ ဒါပေမယ့် ချစ်သူတွေ ဖြစ်ဖို့ကို ဘာလို့စပြီး မတောင်းဆိုခဲ့တာလဲ ဟင်။ ဘာလို့ ကျွန်မကို တောင်းဆိုခိုင်းရတာလဲ။ ဒါပေမယ့် ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မမှ မောင်နဲ့ မခွဲနိုင်တာ။ ချစ်သူတွေကြားမှာ သာတယ် နာတယ် မတွေးတော့ပါဘူး မောင်ရယ်…။
ဒီလိုနဲ့ ကျွန်မတို့၂ယောက် ချစ်သူတွေ ပြန်ဖြစ်သွားကြလေသတည်းပေါ့။ ကျွန်မတို့ ၂ယောက်က gtalk account ၂ခုစီ ရှိတယ်။ တခုက သူငယ်ချင်းတွေနဲ့ ပြောဖို့။ တခုက သူနဲ့ကျွန်မ နှစ်ယောက်တည်း ပြောဖို့။ တယောက်နဲ့ တယောက် ပြတ်သွားရင် အမြဲတမ်း gtalk accout ရဲ့password တွေ ပြောင်းပစ်ကြတယ်။ ပြန်တည့်သွားမှ ပြန်ပေးကြတာ။ ဒီတခါ ပြတ်သွားပေမယ့် ကျွန်မရဲ့ password က မပြောင်းခဲ့ဘူး။ အဲဒီတော့ ကျွန်မ သူ့ကို သူရဲ့ password တွေ ပြန်မေးခဲ့တယ်။ သူနဲ့ကျွန်မ ချစ်သူတွေ ပြန်ဖြစ်ပြီး ၁ပတ်ကြာမှ သူ့ဆီက password ရတယ်။ သူ့မေးလ်တွေ ပြန်စစ်ကြည့်တော့ မမေဇင်နဲ့ချက်ထားတာတွေ delect လုပ်ထားတာ တွေ့တယ်။ chat history ကို off ထားတာလည်း ဖြစ်နိုင်တာပဲ။ မမေဇင် account ကိုတော့ သူ့နစ်ထဲမှာ တွေ့ရတုန်းပဲ။ သူ့ကို မေးကြည့်တော့ သူငယ်ချင်းတွေလိုပဲ ဖြစ်နေပါပြီတဲ့။ ကျွန်မနဲ့ချစ်သူတွေဆိုတာလည်း ပြောပြထားတယ်တဲ့။ account ကို delect မလုပ်ချင်လို့ ဒီအတိုင်းထားလိုက်ပါတဲ့။ ကျွန်မ ခွင့်ပြုလိုက်ပါတယ်။ ကျွန်မရဲ့ ခွင့်ပြုခြင်းက လျစ်လျူခြင်း မဟုတ်ပါ။ တတ်နိုင်သလောက် နားလည်ခွင့်ပြုလိုက်ခြင်းသာ ဖြစ်ပါသည်။ ဒါပေမယ့်လေ ကျွန်မ တခုတော့ တွေးလိုက်မိတယ်။ သူသာ ကျွန်မ နေရာမှာဆို ခုလိုပဲ ခွင့်ပြုမှာလား ဆိုတာပေါ့။ သိပ်သ၀န်တိုတတ်တဲ့ မောင်က ယောက်ျားလေးသူငယ်ချင်းတွေနဲ့စကားပြောရင်တောင် မကြိုက်တာ … ခုလို ရည်းစားဟောင်း account ကို လက်ခံပြီး စကားပြောမယ်ဆိုလျှင်… ရိုးသားပါသည် ဘယ်လောက်ပြောပြော မောင်လက်ခံမှာ မဟုတ်ဆိုတာ ကျွန်မ အတိအကျ သိသည်။ ဒါပေမယ့် ကျွန်မက ကျွန်မ … မောင်က မောင်ပဲ ဖြစ်ပါသည်။ သူလုပ်သလို လိုက်လုပ်၍ မရနိုင်မှန်း ကျွန်မ သိသည်။ဒီတော့လည်း မောင်ပြောသလို ဒီအတိုင်းပဲ ထားလိုက်တာပေါ့။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဒီနေ့ မောင် ကျောင်းသွားတော့… ကျွန်မလည်း ပျင်းတာနဲ့ မောင့်နစ်ထဲ ၀င်ကြည့်မိတယ်။ မောင့်သူငယ်ချင်းတွေက မောင်ထင်ပြီး လာနှုတ်ဆက်လို့ ကျွန်မက မောင်ကျောင်းသွားနေတယ်လို့ ပြန်ပြောရသေးတယ်။
အဲဒီအချိန်မှာ မေဇင်လို့ nick name ပေးထားတဲ့ account လေး onlineဖြစ်လာတယ်။ ကျွန်မ တချက်တော့ ရင်ခုန်သွားမိတယ်။ သူ ကျွန်မကို မောင်ထင်ပြီး ဘာတွေများ ပြောမလဲ ဆိုတာ သိချင်နေတယ်။ သူနဲ့ မောင့်အကြားက ဆက်ဆံရေး ဘယ်လိုရှိမလဲ။ မောင့်ကို မယုံကြည်တာ မဟုတ်ပေမယ့် စိုးရိမ်မှု သ၀န်တိုမှုတွေကိုတော့ ကျွန်မ ထိန်းလို့မရခဲ့ပါဘူး။ မမေဇင် account ကိုတွေ့တော့ သူ ဘာစပြောမလဲဆိုတာ ကျွန်မ စောင့်နေမိလိုက်မိတယ်…။
“hi, ကို ရှိလား။ ကျောင်းသွားပြီလား။ မေ ဟိုတနေ့က လာသေးတယ်။ ကို့ကို မတွေ့တာနဲ့ ပြန်သွားတာ”
ဘယ်လို… ကို ဆိုပါလား။ မောင်ပြောတော့ သူငယ်ချင်းတွေပါဆို။ ဘယ်လိုဖြစ်တာလဲ။ သူ့ကိုယ်သူလည်း မေတဲ့။ ဒါဆို မောင်က မေလို့ သူ့ကိုခေါ်တာပေါ့။ ပြီးတော့ မောင်က သူနဲ့ chat record ကိုလည်း ပိတ်ထားသေးတယ်။
ကျွန်မ မောင်အဖြစ်နဲ့ သူ့ကို စကားပြန်ပြောမိတယ်။ သူတို့၂ယောက်ရဲ့ကြားက ပတ်သတ်မှုကို ပိုသေချာချင်လို့ပါ။
“အင်း ကျောင်းမသွားဘူး ဒီနေ့။ ဘယ်နေ့က လာတာလဲ။”
“စနေနေ့ကလေ။ နေ့လည် ၃နာရီလောက်ကပေါ့”
စနေနေ့ နေ့လည် ၃နာရီ။ အဲဒီအချိန် မောင် ကျွန်မအနားမှာ ရှိနေခဲ့သည်။ ချစ်သူတွေ ပြန်တည့်ပြီးတပတ်အကြာပေါ့။ စနေ တနင်္ဂနွေ ၂ယောက်လုံး ကျောင်းအားတဲ့ရက်မို့ အေးအေးဆေးဆေး စကားပြောနေကြခြင်း ဖြစ်သည်။ မောင် သူနဲ့မတွေ့ခဲ့ဘူးပေါ့။ ကျွန်မ တချက်တော့ ပျော်သွားသည်။
“သြော် .. အင်း အဲနေ့က မအားလို့ပါ”
“အင်း ထားပါတော့။ အာကာနဲ့ရော တွေ့ဖြစ်သေးလား။ ခုက ကျောင်းတွေ ပြန်တက်နေရပြီလေ စနေ တနင်္ဂနွေလောက်ပဲ အားတော့တာ ကိုရဲ့။ ကျန်းမာရေးလည်း ဂရုစိုက်ဦးနော်။ ဘာတွေ လိုသေးလဲ။”
“အင်း မတွေ့ဖြစ်ဘူး။ အဆင်ပြေပါတယ် ဘာမှမလိုပါဘူး”
“ကို တခုခု ဖြစ်နေသလားဟင်? စကားပြောတာ စိမ်းနေသလိုပဲ။ အရင်လိုလည်း မဟုတ်ဘူး”
ကျွန်မ အလိုက်သင့်ပြန်ပြောနေမိတာပါ။ ဒါပေမယ့် အေးစက်မှုတွေတော့ ပါလိမ့်မယ်ထင်သည်။ သူမက စကားပြောတာ စိမ်းနေသလိုပဲတဲ့ အရင်လိုမဟုတ်ဘူး ဆိုပါလား။ ဒါဆို မောင်က သူမကို ဒီထက်ပိုပြီး နွေးထွေးစွာ ဆက်ဆံတယ်ပေါ့… ကျွန်မ ငိုချင်လာသည်…။
ကျွန်မနဲ့ ၁ပတ်မတွေ့ရတဲ့ အချိန်လေးအတွင်းမှာ မောင်တို့၂ယောက် ဒီအခြေအနေတွေ ပြန်ရောက်ခဲ့သည်။ ကျွန်မကို လွမ်းနေပါသည်ဟု မောင်ပြောခဲ့တဲ့ စကားတွေကို ကျွန်မ ဘယ်လိုယုံကြည်ရမည် မသိတော့။ ဒါပေမယ့် ကျွန်မ သူ့အနားမှာ ရှိမနေခြင်းကြောင့်ပဲ ဖြစ်မည်ဟု ကျွန်မကိုယ် ကျွန်မပဲ အပြစ်တင်မိသည်။ ဒါဆို မောင်နဲ့ ကျွန်မ ချစ်သူတွေ ပြန်ဖြစ်တာ ၂ ပတ်ကျော်ပြီလေ။ မောင် သူမကို ကျွန်မနဲ့ ချစ်သူတွေ ပြန်ဖြစ်သွားပြီ ဆိုတာ ဘာကြောင့် မရှင်းပြသနည်း။ မောင်ကရော သူမနဲ့ ချစ်သူတွေ ပြန်ဖြစ်သွားပါလျက် ကျွန်မကို ဘာကြောင့် ပြန်ဆက်သွယ်သနည်း။ မောင် ကျွန်မကို တကယ် မစွန့်လွှတ်နိုင်၍ ဖြစ်လိမ့်မည်။(ထိုအတွေးသည် ကျွန်မကိုယ့်ကျွန်မ စိတ်သက်သာမှု ရစေရန် ဖြေလိုက်သော အဖြေတခု ဖြစ်သည်။)
အခု ကျွန်မ မောင့်ကို သူမ နဲ့ တွေ့ခဲ့ကြောင်း ပြောရမည်လား။ ကျွန်မ မပြောဘဲ ဒီအတိုင်းထားလျှင် မောင်နဲ့သူမ ဆက်ဆံရေး ချစ်သူတွေအဖြစ် ဆက်လက်ရှိနေမည်လား။ အဲဒီအခြေအနေကို ကျွန်မ ကိုယ်တိုင်ရော လက်ခံနိုင်ရဲ့လား။ ဒါပေမယ့် ကျွန်မ မောင်နဲ့လည်း ပြဿနာ မဖြစ်လိုပါ။ ကျွန်မ ဘာလုပ်ရမလဲ။
တကယ်တော့ သူမကို ကျွန်မ မည်သူဆိုတာ ပြောပြဖို့ အစီအစဉ်မရှိပါ။ မောင်အဖြစ်နဲ့ ခဏတာ အလိုက်သင့် စကားပြောဖို့ရည်ရွယ်တာပါ။ မောင်နဲ့ သူ့မ အကြားက ဆက်ဆံရေးကို သိချင်ရုံသက်သက်။
“ကို မေ မေးနေတာ ဖြေလေ..”
“အင်း ဟုတ်ပါတယ်။ သူ မဟုတ်ပါဘူး”
ကျွန်မ အမှန်ကို ပြောလိုက်မိတယ်။
“ဟင်.. ဒါဆို မင်းက ဘယ်သူလဲ။ ကို့ နစ်ကို ဘာလို့ဝင်သုံးနေတာလဲ။ ကို့ညီမလား။”
“မဟုတ်ပါဘူး။ ကျွန်မ သူ့ချစ်သူပါ”
“ဘာပြောတယ်။ မင်းက သူ့ချစ်သူ ဟုတ်လား။”
“ဟုတ်ပါတယ် အမ။ အမကိုလည်း ညီမ သိပါတယ် ။ သူပြောပြဖူးတယ်။ ဒါပေမယ့် လက်ရှိ ချစ်သူတွေ ပြန်ဖြစ်သွားတယ် ဆိုတော့ မပါဘူး။”
“မင်းနာမည် ဘယ်လိုခေါ်လဲ။ ဘာလို့တို့ကို အမလို့ခေါ်တာလဲ။ တို့ထက်ငယ်လို့လား”
“ဟုတ်ပါတယ် အမထက်ငယ်ပါတယ်။ နာမည်ကတော့ ဂျူး။”
“မင်းတို့ ချစ်သူတွေ ဖြစ်နေတာ ကြာပြီလား။ တို့ကို သူ ဘာမှမပြောဘူး။”
“ချစ်သူတွေ ဖြစ်တာ ၁ နှစ်လောက်တော့ ရှိပြီ။ မပြောဘူးဆိုတာက ဒီကြားထဲ သူနဲ့ ညီမက ပြတ်သွားသေးတာကိုး။ ညီမ သိသလောက် အမနဲ့က ညီမနဲ့ ပြတ်သွားတုန်း ၁ပတ်အတွင်းမှာ အဆက်အသွယ် ပြန်ရခဲ့တာလို့ သိထားတာပဲ။”
“ဘာပဲဖြစ်ဖြစ်လေ… သူ တို့ကို ပြောပြသင့်တာပေါ့။သူ တော်တော်မကောင်းတဲ့သူပဲ။ တို့က သူ့မှာ မင်းရှိနေမှန်း သိရင် မင်းတို့၂ယောက်ကြား တို့ဝင်မပါပါဘူး။”
(မောင့်ကို အဲလိုမတွေးပါနဲ့။ မောင်က အဲလိုလူမျိုး မဟုတ်ပါဘူး။ တကယ်လို့များ ဟုတ်နေခဲ့ရင်တောင် မောင့်ကို တခြားသူတွေ အထင်သေးမှာ ကျွန်မ စိုးရိမ်တယ်။)
“သူက အဲလို လူမျိုးတော့ မဟုတ်ပါဘူး။ အမနဲ့ ပြန်ဆက်သွယ်ဖြစ်တယ်ဆိုတာကလည်း ညီမနဲ့ ပြတ်သွားပြီးမှ ပြန်ဆက်သွယ်တာပါပဲ။ ပြီးတော့ အမကို ညီမ အကြောင်း ဖွင့်မပြောဘူးဆိုတာကလည်း ညီမနဲ့ ပြတ်သွားပြီဆိုတော့ အမသိလည်း ဘာမှမထူးဘူးဆိုပြီး မပြောတာ နေမှာပါ။ ပြီးတော့ ညီမနဲ့ ပြန်ဆက်သွယ်တယ် ဆိုတာလည်း … အင်း… ညီမကပဲ သူ့ကို ပြန်ပြီး ဆက်သွယ်ခဲ့မိတာပါ။ ဒါကို အမနဲ့လည်း မတွေ့ဖြစ်တော့ သူ မပြောမိတာနေမှာပါ။ သူက အမထင်သလို လူစားမျိုး မဟုတ်ပါဘူး။”
“ ညီမက ဘာလို့ သူ့ဘက်က ပြောပေးနေတာလဲ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် တို့အပေါ်တော့ သူ အဲဒီလောက်အထိ မဆက်ဆံသင့်ပါဘူး”
“စိတ်မဆိုးပါနဲ့ အမရယ်။ သူ့ဘက်က ရှင်းပြဖို့အချိန်မရသေးလို့ပါ။ အမ ထင်နေသလို အမကို တမင်လုပ်တာတော့ မဟုတ်ပါဘူး။”
“အင်း.. ဟုတ်ပါပြီ ဒါက သူနဲ့ တို့ ရှင်းရမယ့် ကိစ္စပါ။ ညီမကိုလည်း သူ့account ရဲ့ password တောင် ပေးထားတယ် ဆိုတော့ ညီမ အပေါ် သူဘယ်လောက် ယုံကြည်ထားတယ် ဆိုတာ အမလည်း သိရပြီပဲ။ စိတ်မပူပါနဲ့။ မင်းတို့၂ယောက်ကြားထဲ တို့မ၀င်ပါဘူး။ တို့နောက်ဆုတ်ပေးမှာပါ။”
(ကျွန်မကတော့ နောက်ဆုတ်ပေးမယ်လို့ မပြောရဲပါ။ ကျွန်မ မောင့်ကို အဆုံးရှုံး မခံနိုင်ဘူးလေ။ ကျွန်မ အတ္တကြီးတယ်ဆိုလည်း ဆိုပါစေတော့…။)
“အမနဲ့သူက ပြန်အဆင်ပြေနေတာ ညီမ မသိလို့ပါ။ သူ့ကလည်း အမကို တမင် မပြောဘဲနေတာတော့ ဟုတ်မယ် မထင်ပါဘူး။ အမ သူ့ကို နားလည်ပေးလိုက်ပါနော်။”
ကျွန်မ သူမကို တောင်းပန်နေခြင်းလား တောင်းဆိုနေခြင်းလား မပြောတတ်။ ကျွန်မ ဘ၀တွင် ဘယ်သူ့ကိုမှ … ဘယ်မိန်းမကိုမှ မတောင်းပန်ခဲ့ဖူးဘူး…။ ခုတော့ မောင့်အတွက်ကြောင့်… မောင့်ပထမချစ်သူဆိုသော ထိုမိန်းမကို ကျွန်မ တောင်းဆိုမိ တောင်းပန်မိနေတော့သည်။ ကိစ္စမရှိ။ အရေးကြီးသည်က မောင့်သိက္ခာ။ မောင့်ကို သစ္စာမဲ့သူ ယောက်ျားတယောက်အဖြစ် မမြင်စေချင်။ ကျွန်မ မဟုတ်တဲ့ တခြားတယောက်က ကျွန်မ ချစ်သူ မောင့်ကို အထင်အမြင်သေးမှာ ကျွန်မ မလိုလားပါ။ ကျွန်မက မောင့်ကို အထင်သေး စိတ်ဆိုးသည်ပဲ ထားပါဦး ကျွန်မ မောင့်ကို ချစ်သောအချစ်ဖြင့် အရာရာကို ခွင့်လွှတ်နိုင်သည်။ ထို့ကြောင့် ကျွန်မ တောင်းဆိုမိသည်။
“အင်း ..။ မင်းက အသက်ငယ်ပေမယ့် မဆိုးပါဘူး။ သူ့ကို နားလည်ပေးနိုင်တာပဲ”
“အင်း အပြည့်အ၀တော့ မဟုတ်သေးပါဘူး။ သူက တခါတခါ နားလည်ရခက်တယ်”
“အင်း သူက တခါတခါ အတ္တလည်း ကြီးတတ်တယ်။ ညီမက သူ့ကို နားလည်ပေးလိုက်ပါ။ သည်းခံပေးလိုက်ပါ။ သူ့ကို အလျှော့ပေးပေါ့။ ညီမတို့၂ယောက် အစစအရာရာ အဆင်ပြေမှာပါ”
အိုး… ကျွန်မ သူမ အချစ်ကို ကိုယ်ချင်းစာစွာ တွေ့မြင်လိုက်မိသည်။ သူမလည်း မောင့်ကို သိပ်ချစ်သော မိန်းမတယောက်မှန်း ကျွန်မခံစားမိလိုက်သည်။ မောင့်အကြောင်းတွေ သိတာတောင်မှ ၄နှစ်ကြာသည်အထိ သစ္စာရှိစွာ စောင့်နေပါသည် ဆိုတော့ သူမရဲ့အချစ်ကလည်း ကျွန်မထက်တော့ လျှော့ပုံမရပါ။ ကျွန်မတို့နှစ်ယောက် မောင့်ရဲ့ အဆုံးအဖြတ်ကို စောင့်ရမည်လား။ ဟင့်အင်း… ကျွန်မကို မောင် ထားသွားမှာ … အထူးသဖြင့် မိန်းမတယောက်ကြောင့် ကျွန်မကို မောင်ထားသွားမှာ ကျွန်မ ကြောက်တယ်။ ကျွန်မက မောင့်ရဲ့အချစ်ကို ကိုးကွယ်မိနေတာလေ။ ဒီလိုသာ ဖြစ်လာမည်ဆိုလျှင်တော့ ကျွန်မကပဲ အလိုက်တသိ ထွက်သွားပေးဖို့ ဆုံးဖြတ်ထားပြီးသားပါ။
“တို့ သူနဲ့ နောက်ထပ် မတွေ့တော့ဘူးလို့ မင်းကို ဂတိပေးပါတယ်”
ဒါက မိန်းမသားခြင်း စာနာခြင်းလား။ ဒါမှမဟုတ် သူ့ဘက်က ပြတ်သားခြင်း မာနကို ပြတာလား။ ထိုဂတိကတော့ ကျွန်မကို အနည်းငယ် စိတ်သက်သာရာ ရစေသည်။ ကျွန်မ ဘာမှတော့ ပြန်မပြောမိ။
This chat is no longer off the record.
(ဟင်.. မောင် ပြန်လာပြီ။ မောင် account ကို ဖွင့်လိုက်ပြီပေါ့။ ကျွန်မနဲ့ သူမ စကားပြောနေတာ မောင်သိသွားလောက်ပြီ)
“ဂျူး မင်းဘယ်သူနဲ့chatနေတာလဲ ခုချက်ချင်း ကိုယ့်နစ်ကို အောက်လိုက်ပါ”
“မောင်.. ပြန်လာပြီလား ဂျူး သူ.. မမေဇင်နဲ့ပြောနေတာ”
“အင်း သိတယ် ဘာလို့ chat record ကို off ထားတာလဲ တော်ပြီ သူနဲ့လည်း ဆက်မပြောနဲ့တော့ ခုထွက်လိုက်တော့”
“အင်း.. ဟုတ်”
XXXXXXXXXXXXXXXXXXXXXXXXX
မောင် ကျွန်မကို ခဏစောင့်လို့ ပြောပြီး သူမနဲ့ စကားဆက်ပြောနေခဲ့သည်။ ကျွန်မ မောင့်ကို စောင့်ရင်း ကျွန်မ နာကျင်စွာ ငိုကြွေးနေမိသည်။
မောင်ရယ်… ကျွန်မဆီကို ဘာလို့ ပြန်လာခဲ့တာလဲ?? မောင်ပြောတော့ မတွေ့ရတဲ့တပတ်အတွင်းမှာ ကျွန်မကို လွမ်းလို့ သူငယ်ချင်းတွေလာခေါ်တိုင်း ဘီယာတွေ ပြန်သောက်နေခဲ့တာ။ လွမ်းတဲ့ဒဏ်ကို မခံစားနိုင်ဘူးဆို။ ဘီယာနဲ့မတည့်တဲ့ မောင်က လက်တောင် ပြန်ယောင်လာတယ်ဆိုလို့ ကျွန်မမှာ ကိုယ့်ကိုကိုယ် အပြစ်တင်လို့ မဆုံးဘူး။ မောင်ရယ်.. မောင် သူ့ကို ချစ်ရင် မောင် သူ့ကိုပဲ ရွေးချယ်လိုက်ပါ။ ကျွန်မ မောင့်ကို နားလည်ခွင့်လွှတ်နေမှာပါ။ မောင် ကျွန်မအနားမှာနေနေပြီး သူ့ကို သနားနေတာ တမ်းတနေတာ ကျွန်မ မမြင်ချင်ဘူးလေ။
XXXXX ချစ်သူ့ဘေးနားမှာ နေတဲ့ခဏ XXXXX နူးညံ့နွေးထွေးသလို အကြည့်လေးများထဲ XXXXX တင်းထားမယ် တို့စိတ်ကူးတွေ အခိုးအငွေ့ဖြစ်ကာရယ် XXXXX နှလုံးသာဟာ ပန်းလိုကြွေကြတယ် XXXXX မနေ့က မင်းသတင်းတွေ တို့ကြားလည်း XXXXX မမေးဘူး တိုးတိတ်စွာ မြိုသိပ်ပါ့မယ် XXXXX အားလုံးက စိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့် ကြားစကားလို့ ရင်မှာယုံထားတယ် XXXXX အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော် XXXXX ဖြစ်သမျှဟာ အကောင်းပဲပေါ့ XXXXX မင်းရင်ခွင်ထဲ ခွဲခွာနေဖို့မရဲပါဘူး XXXXX အနားနားမှာ အမြဲရှိပါစေ XXXXX
စိတ်ထဲမှာ အပြောင်းအလဲလေး ဖြစ်အောင် သီချင်းနားထောင်မယ်ဆိုပြီး မနေ့ကမှ သူငယ်ချင်းပေးထားတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းအသစ်ဆိုလို့ ဖွင့်လိုက်မိတယ်… တိုက်ဆိုင်မှုပဲလား မောင်… ကျွန်မ အတွက်ပဲ ရည်ရွယ်ပြီး ဆိုထားသယောင် … မောင်ရယ် … ကျွန်မလည်း မောင့်ကို အပြစ်မမြင်ရက်ပါဘူး ဒါဟာ မောင့်အပြစ်ဆိုရင်တောင် မောင့်ကို ခွင့်လွှတ်မိနေတာ ကျွန်မ သိပ်ချစ်မိလို့ပါ။ အချစ်ကို ကိုးကွယ်မိတဲ့ ကျွန်မ ရူးတယ်ဆိုရင်လည်း မောင်ရယ် … ကျွန်မ ကျေနပ်စွာနဲ့ မောင့်အချစ်တွေကြားမှာ ရူးမိုက်လိုက်ပါတော့မယ်။
XXXXX အချစ်က အသိခက်တဲ့ ကဗျာလေးပဲ XXXXX ခွင့်လွှတ်ချစ်တတ်အောင် တို့ကြိုးစားကြည့်တယ် XXXXX လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်း တ၀ဲလည်လည် မှားလည်းလေ မှားပါစေတော့ကွယ် XXXX
မောင် ကျွန်မ ဆက်မှားရမှာလား မောင်ရယ် …။ မှားရမယ် ဆိုရင်တောင် မောင့်ဆီက စစ်မှန်တဲ့အချစ်တော့ ကျွန်မလိုချင်မိတယ် ။ ကျွန်မကို တကယ်မချစ်ဘဲ မောင့်အတွက် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ရွေးချယ်မှုမျိုးနဲ့ ရွေးချယ်ခဲ့တာ ကျွန်မ မလိုချင်ဘူး။ ကျွန်မ တကယ် ချစ်မြတ်နိုးတဲ့ မောင့်ဆီကနေ ကျွန်မတောင့်တခဲ့တာ စစ်မှန်တဲ့ ချစ်ခြင်းတခုပါ။ ဂျူးကို ဂျူး ဆိုတဲ့ ဖြစ်တည်မှုအတွက် ချစ်နေရတဲ့ အချစ်မျိုးပဲ လိုချင်တာပါ။
အားနာပြီး ချစ်နေရတဲ့အချစ်…
အလိုက်တသိ ချစ်နေရတဲ့အချစ်…
ရွေးချယ်မှု တခုအနေနဲ့ ချစ်နေရတဲ့အချစ်…
အဲဒီလို ဟန်ဆောင်အချစ်တွေကို ကျွန်မ မုန်းတယ် မောင်။
မချစ်ရင်တော့လည်း နေပါ။ အဲဒီအချစ်မျိုးတွေနဲ့ ကျွန်မ မောင့်အချစ်ကို မရပါရစေနဲ့။
“ဂျူး ရှိလား။ vzo ခေါ်လိုက်မယ်”
သူနဲ့ ပြောပြီးပြီ ထင်တယ်။ မောင် ကျွန်မကို လှမ်းခေါ်တယ်။
“အင်း ရှိတယ် မောင်။ ခေါ်လိုက်လေ”
ကျွန်မ မောင့်ကို မကြည့်မိပါ။ ကျွန်မ မျက်ရည်တွေကို မောင့်ကို မမြင်စေချင်တာလည်းပါသည်။
“ဂျူး သူ့ကို ဘာတွေ သွားပြောထားသေးလဲ။ မောင်က ဂျူးကို အသိမပေးချင်လို့ မပေးသေးတာ။ ဒါတွေ ဖြစ်လာမှာစိုးလို့ မောင် password တောင် မပေးသေးတာ။ မောင်မသိဘဲ ဘာတွေ လျှောက်လုပ်တာလဲ ဂျူး”
မောင် ဘာလို့ ကျွန်မကို အပြစ်တင်တာလဲဟင်။ ကျွန်မ မှားသွားလို့လား။
“မဟုတ်ပါဘူး။ ဂျူးလည်း ဘာရယ်မဟုတ်ဘူး ပျင်းတာနဲ့ ၀င်လိုက်မိတာ။ သူက လှမ်းပြောတော့ ပထမ ဘာပြောရမှန်း မသိလို့ မောင့်အနေနဲ့ ပြောမိတာ။ ဂျူး ဘာမှ မပြောပါဘူး။ မောင်က ဘာလို့ ဂျူးကို ဒီအကြောင်းတွေ အစကတည်း မပြောတာလဲ။ ဂျူးကို ဘာလို့ လိမ်တာလဲ”
“မလိုအပ်ဘူး ထင်လို့ မပြောတာပေါ့။ ဂျူး သိတဲ့အတိုင်းပဲ မောင်က မလိုအပ်ဘူးထင်ရင် ဘယ်တုန်းက ပြောလို့လဲ ။ ဂျူးကိုက မောင်ပြောတာ မစောင့်ဘဲ အသိမပေးဘဲ မောင့်ကိစ္စ ၀င်ပါတာ”
“ဒါဆိုလည်း မောင်ရယ် … တခါတည်း ရှင်းထားမှပေါ့။ ဂျူးက ဒီလိုဖြစ်လာမယ်မှန်း ဘယ်သိမှာလဲ။”
(ကျွန်မ အနည်းငယ်တော့ စိတ်တိုသွားမိသည်။ မောင့်ဘာလို့ ရှင်းမပြဘဲ ကျွန်မကို အပြစ်တင်နေရတာလဲ)
“မောင် အခုကိစ္စအတွက် မောင် ဘာပြောချင်လဲ”
“….”
ခဏကြာ တိတ်ဆိတ်နေပြီးမှ…
“သူ့ကို မောင့်သူငယ်ချင်းက ပြန်ပြီး ဆက်သွယ်ခိုင်းလို့ အားနာတာနဲ့ ပြန်ဆက်သွယ်ခဲ့တာ။အဲဒီအချိန်မှာ ဂျူးကလည်း မောင့်အနားမှာ မရှိတော့ မောင်လည်း စိတ်ညစ်ညစ်နဲ့ သူနဲ့ပဲ စကားပြောနေမိတယ်။ သူက မောင့်ကို စောင့်နေတယ်တဲ့။ သူငယ်ချင်းကလည်း သူ မောင့်အပေါ် ဘယ်လောက်သစ္စာရှိကြောင်း ချစ်ကြောင်းတွေ ပြောပြတယ်။ မောင်လည်း အားနာတာရယ် … သူငယ်ချင်းမျက်နှာရယ် … သူ့ကိုလည်း မထိခိုက်စေချင်ဘူး… မောင့်ကို သူ မုန်းသွားမှာလည်း မလိုလားဘူး …. အဲဒါကြောင့် ခုလို ဆက်ဆံလိုက်ရတာ။ မောင်နဲ့ ဂျူး ကိစ္စကလည်း ချက်ချင်းပြောလိုက်လို့ မဖြစ်သေးလို့ အဆင်ပြေအောင် နေလိုက်တာ။”
မောင် ကျွန်မကို ရှင်းပြပါတယ်။ ဒါပေမယ့် မောင့်အသံကို လှုပ်ခတ်နေသည်။ လူမသိအောင် ခိုးလုပ်ထားတဲ့အရာတခုကို သက်သေတခုနှင့်အတူ ပူးတွဲဖမ်းခံလိုက်ရသလို မောင် အနည်းငယ်တော့ တုန်လှုပ်နေသည်။ အားနာလို့ ဆက်ဆံတာဆိုတဲ့ မောင့်ရဲ့အဖြေကို ကျွန်မက လက်ခံပေးလိုက်ပေမယ့် သူမသာ ကြားသွားလျှင် တော်တော်နာကျင်မိမှာပဲဟု မဆီမဆိုင် သူမဘက်မှ တွေးနေမိသည်။
“ဒါဆို မောင် ဘာဆက်လုပ်မှာလဲ။”
ကျွန်မ လိုအပ်လျှင် နောက်ဆုတ်ပေးပါမယ်လို့ ပြောမထွက်။ မောင်က ထွက်သွားခိုင်းလျှင် ထွက်သွားမည် ဖြစ်သော်လည်း မောင့်ကို အဆုံးအရှုံးလည်း မခံနိုင်။
“ဘာမှ ဆက်မလုပ်ဘူးလေ။ သူလည်း သိသွားပြီပဲ။ ကိစ္စ မရှိပါဘူး။”
“ဂျူးတို့၂ယောက်က ဒီအတိုင်းပဲပေါ့။ ဂျူးကိုပဲ မောင် ရွေးချယ်တယ်ပေါ့ ဟုတ်လားမောင်”
“ဒီမှာ ဂျူး …. မင်းနဲ့သူမှာ မင်းကို ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ ရွေးချယ်တယ်ဆိုတဲ့ စကားတောင် သုံးစရာမလိုဘူး။ မင်းကိုပဲ ငါ ချစ်ခဲ့တာ။ မင်းသေချာ မှတ်ထား ! ထပ်မမေးနဲ့ ! အခု ငါ ပြန်လာတယ် မင်းကိုမခွဲဘူးဆိုတာ မင်းက ငါ့ကို ခွဲမသွားလို့ မဟုတ်ဘူး။ မင်းချစ်နေလို့လည်း မဟုတ်ဘူး။ ငါကိုယ်တိုင်က မင်းကို ချစ်လို့။”
အိုး . . . မောင်ရယ်။ ကျွန်မ ပျော်လိုက်တာ။ မုသားတွေဆိုရင်တောင်မှ ကျွန်မ ယုံကြည်တယ်။ ခုချိန်မှာလေ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ မယုံကြည်မှု သံသယတွေ ဘာဆိုဘာမှကို မရှိတော့တာ။ အရာအားလုံးအတွက် ကျွန်မ ကျေနပ်သွားခဲ့သည်။ ကျွန်မ အရမ်းနာကျင်ခဲ့တာတွေ နှလုံးသားတွေ ကွဲထွက်မတက် ငိုကြွေးခဲ့တာတွေ အရာအားလုံး မောင့်စကားတခွန်းနဲ့တင် တန်ပါတယ် မောင်။
“မောင်ရယ်… ဂျူးမှာ မောင့်ကို ခွဲသွားဖို့ စိတ်ကူးမရှိပါဘူး။ ချစ်မြဲ ချစ်နေဖို့ပဲ ရည်ရွယ်တာပါ ။ မောင်မလိုအပ်ရင်သာ အလိုက်တသိ ထွက်ခွာသွားပေးဖို့ပါ။ ခုတော့ မောင်ကလည်း ဂျူးကို ချစ်တယ်ဆိုတော့ ဂျူးအတွက် ဘာမှ မလိုတော့ပါဘူး မောင်ရယ်”
“အင်း။ သိလည်း ပြီးတာပဲ။ မောင်လည်း တော်တော် မောနေပြီ။ စိတ်လည်း မောတယ်။ လူလည်းမောတယ်။ မောင် အနားယူဦးမယ်။ ဒီတလလောက် သူငယ်ချင်းတွေဆီမှာ သွားနေမလို့။ အဲဒါ ဂျူးနဲ့ တွေ့ဖြစ်မှာမဟုတ်ဘူး။ တလပြည့်ပြီးမှ တွေ့ကြတာပေါ့။ ဟုတ်ပြီလား။”
ဟင်… ခုမှ ပြန်အဆင်ပြေကာစကို မောင်က ကျွန်မကို တယောက်တည်း ထားခဲ့ဦးမယ်တဲ့။ အင်းလေ… မောင်က သွားချင်တယ်ဆိုတော့လည်း မတားချင်တော့ပါဘူး။
“အင်း မောင့်သဘောပါ။ အစစအရာရာ ဂရုစိုက်နော်။ သူငယ်ချင်းတွေနဲ့တွေ့ပြီး ဘီယာတွေ သောက်မနေနဲ့။ လက်က ပြန်ယောင်လာမယ်။ ဆေးလိပ်လည်း လျှော့သောက်ဦးနော်မောင်။ အိပ်ရေးလည်း အပျက်မခံနဲ့။ ကျောင်းလည်း မှန်မှန်တက်ဦး။ ပြောသာပြောရတယ် မောင့်ကို စိတ်မချချင်ဘူး”
“ဟုတ်ပါပြီဗျာ… ခင်ဗျားလေးသာ ဂရုစိုက်ပါ။ ကျုပ်က ရပါတယ်။ ဘယ်သူနဲ့ chat မနေနဲ့နော်။ ဘယ်ကောင်လေးနဲ့မှလည်း မတွေ့ရဘူး။ ဒါပဲ ပြောမယ်။ ကျုပ် အေးအေးဆေးဆေး နားချင်တယ်နော်။ ဒါပဲ”
ကျွန်မ ချစ်မြတ်နိုးစွာ ပြုံးလိုက်မိတယ်။ မောင်ကလေ … အဲလိုပဲ … သူသာ လုပ်ချင်တာလုပ်မည် ကျွန်မကိုတော့ ဘယ်တော့မှ အထိအခိုက်မခံ။ သ၀န်တိုလိုက်တာ သူ့အပြင် ၂ယောက်မရှိ။
“အင်းပါ မောင်ရယ်… သိပါတယ်။”
“အင်း… ဒါဆို အိပ်တော့လေ။ ည၂ နာရီတောင် ထိုးနေပြီ။ မောင်လည်း အခန်းရှင်း ဟင်းချက် လုပ်လိုက်ဦးမယ်”
“အင်း … အိပ်တော့မယ် သြော်… မောင် နေဦး”
“ဘာလဲ ပြောလေ”
“မောင့်ကို အရမ်းချစ်တယ်လို့”
မောင်က ကျွန်မ အသည်းယားသော အပြုံးမျိုး ပြုံးပြသည်။ တကယ်တော့ မောင်က သူ့သာဘာသူ ပြုံးခြင်းပါ။ ကျွန်မကသာ ထိုအပြုံးကို အသည်းယားစွာ ချစ်သွားခြင်း ဖြစ်သည်။
“မောင်ကလည်း မောင့်မိန်းမလေးကို ချစ်တာပဲ”
“မောင်နော် … ဘာမိန်းမလဲ… ခုမှ ချစ်သူဟာကို”
“ဟဟား … နောက်လည်း ဖြစ်မှာပဲ ခုတည်းက ကြိုခေါ်ထားတော့ အကျင့်ပါတာပေါ့”
“ဟွန်း… တော်တော်တတ်”
“ကဲ အိပ်တော့နော်..”
“…” webcam နားကပ်ပြီး မောင်က အနမ်းပေးသည်။
မောင့်အနမ်းက ထိတွေ့ခံစားခွင့် မရပေမယ့် ရင်ထဲလှိုက်ခနဲ့ ခုန်ကာ နွေးထွေး၏။ ဖုန်း ချလိုက်သည်။ မောင်ကတော့ အလုပ်တွေ လုပ်နေလိမ့်မည်။ ကျွန်မကတော့ မောင့်ကို အိပ်ပါမယ်ဟု ပြောသော်လည်း အတွေးကွန်ယက်ထဲတွင် မျောနေမိဆဲ….။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
လ၏ အလင်းရောင်သည် ကျွန်မ၏ အခန်းငယ်လေးထဲသို့ ဖြာကျနေသည်။
ဟုတ်သည်... လ သာ နေ သည်...
လသာသောနေ့များတွင် သူနှင့်အတူ လမင်း၏ ဆွဲငင်အားကို ခံစားရန် ကျွန်မ မကြာခဏ စိတ်ကူးယဉ်ဖူးသည်...
သို့သော် ကျွန်မတို့နှစ်ယောက်သည် တခုတည်းသော လပြည့်ကိုတောင် တချိန်တည်း တပြိုင်နက်တည်းမှာ မော့ကြည့် မြင်တွေ့ခွင့် မရကြသော သူများ ဖြစ်ကြသည်...။ ထိုကဲ့သို့သော ကံကြမ္မာကို ကျွန်မ မုန်းတီးလှသည်...။
ဒီနေ့သည် မောင် တယောက်တည်း နေပါရစေဟု ကျွန်မထံတွင် တောင်းဆိုကာ ကျွန်မနဲ့ မတွေ့ဖြစ်ဘဲ နေခဲ့တာ ၁၄ရက်မြောက်သောနေ့ ဖြစ်သည်။ တခါတခါ ကျွန်မ ထံသို့ message ပို့၍ သတိရသည် ကျန်းမာရေး ဂရုစိုက်။ ကျောင်းမှန်မှန်တက်ရဲ့လား ဟု သတင်းမေးခြင်းမှတပါး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြ။ မောင့်ကို ဆုံတွေ့ရန် နောက်ထပ် ၁၄ရက်မျှ စောင့်ရဦးမည်။
လမင်းသည် ကျွန်မ အပါးမှ ထွက်ခွာစပြုနေပြီ ဖြစ်သည်.. .. ကျွန်မဆီမှ ထွက်ခွာသွားသော လမင်းတွင် တမ်းတခြင်းများပါသွားသည်.. ..
နောက်ထပ် 8နာရီကျော် ကြာမြင့်ပါမှ သူ့မှာ သာမယ့် လမင်းမှာ သူ ရှာကြည့်နိုင်ပါမှ ကျွန်မရဲ့တမ်းတခြင်းတွေ မြင်တွေ့ခွင့်ရပါလိမ့်မည်... ။
သို့သော် ထိုအခိုက်အတန့်လေးတွင် သူ့နှလုံးသားသည် အခြားသော တွယ်ငြိမှုများမှ ကင်းလွတ် အားလပ်နေပါမှ ခံစားသိရှိနိုင်မည် ဖြစ်သည်... ... ...
ဖြစ်နိုင်သည်ကတော့ လပြည့်ကို သတိထားဖို့ပင် သူ့နှလုံးသားက အားလပ်နေပါမည်တဲ့
လား.... .... ... ?? ?? ??
" ဘုရားရေ ! "
ထိုစိတ်ကူးဖြင့်ပင် ကျွန်မ ဘယ်လိုမှ ရင်မဆိုင်ရဲသော လက်ခံနိုင်စွမ်းမရှိသော ကျိန်စာ
တစ်ခုသာ ဖြစ်သည်။သို့သော် အမှန်တရားတခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်...။.....။

မိန်းမတယောက်၏ တစိတ်တဒေသသောအချစ်အတွက် ရည်ရွယ်သည်...။
ရှင်ထိပ်ထား