Tuesday, May 24, 2011

နှလုံးသားတစုံ ရောင်းရန်ရှိသည်...။



ဖွေရှာခဲ့တာက ... အချစ်
တွေ့ရှိခဲ့တာက ... မာယာ
ထင်ကျန်ခဲ့တာက ... နာမည်ဆိုးနဲ့ နှလုံးသားတစုံ
ကဲ ... ဒီတော့
ိုနှလုံးသားတစုံ ရောင်းရန်ရှိသည်။
မာယာဖြင့် လေလံဆွဲပါ။
အချစ်ဖြင့် ၀ယ်ပါ။

ရှင်ထိပ်ထား
May 24,2011
11:26pm

Tuesday, May 17, 2011

ကျွန်မ အရုပ်ကလေး ပြန်ပေးပါ...

“မမရေ.. အရင်က အိမ်လိပ်စာနဲ့ parcel ရောက်လာတယ်ပြောတယ်… မမ အဲဒီလိပ်စာနဲ့ ပို့လိုက်သေးလား?”
“ဟုတ်ပါဘူး အိမ်အသစ်လိပ်စာနဲ့ပါ”
“ဟုတ်လား သေချာလို့လား သူတို့က parcel ကို အပြင်mail box မှာထားခဲ့တာတဲ့ ခု သွားကြည့်တာ မတွေ့တော့လို့ .. မမ ဒီလိပ်စာ အသစ်နဲ့ ပို့လိုက်တာ သေချာပါတယ်နော်”
“အဲ… နေဦး ပြန်ကြည့်လိုက်ဦးမယ် …”
……….
“ဟယ်… ဟုတ်တယ် ငါပို့လိုက်တာ536 ဆိုတာ အိမ်အဟောင်းလား”
“ဟာ…. တကယ်လား အဲဒါ အရင်အိမ်ကြီးလေ ဟိုတခါကလည်း မမ အဲဒီကိုပဲ ပို့လိုက်လို့ ငယ်ပြောသေးတယ်လေ”
“ဟာ… မသိဘူးဟ ငါလည်း form ကို အရင်ကတည်းက ဖြည့်ထားတာဆိုတော့ အသစ်လိပ်စာပဲမှတ်ပြီး သတိမထားလိုက်မိတာ သေချာ ပြန်မေးကြည့်ပါဦး”
“ဟာကွာ မမကလည်း လုပ်ပြီ အဲဒါကြောင့် ငယ်ပြောတာပေါ့ ခုတော့ ဘယ်လိုလုပ်ကြမလဲ”
ကျွန်မ တကယ်ကို စိတ်ဆိုးသွားမိသည်။ ဟိုတခါကလည်း အိမ်အဟောင်းလိပ်စာကို မှားပို့လို့ မမနဲ့ကျွန်မ စကားများကြသေးသည်။ အိမ်က သိပ်မဝေးပေမယ့် flat နေကြတာဆိုတော့ ကိုယ်ကသွားရင်သူတို့ကမရှိ ဖြစ်တာနဲ့ အခေါက်ခေါက်အခါခါ သွားမေးရသည်။ ပြီးတော့ parcel ဆိုတော့ ပုံးလိုက်ကြီး။ အိမ်နဲ့က လမ်းလျှောက်ပဲ သွားနေကြမို့ အဲဒီ parcel ပုံးကြီးကို ကျွန်မ အလေးကြီးထမ်းကာ ပြန်ရသည်။ အဲဒါကြောင့် အဲဒီတခါကတည်းက မမကို parcel အိမ်အသစ်လိပ်စာနဲ့ သေချာပို့ဖို့ ကျွန်မ သေချာပြောခဲ့သည်။ ခုလည်း ကြည့်။
အိမ်အဟောင်းက ကောင်မလေးက ပြီးခဲ့တဲ့တပတ်Friday မနက်မှာ ကျွန်မကို txt ပို့လာသည်။ သူတို့အိမ်က လူမရှိပဲ တံခါးပိတ်ထားတာ များ၍ ကျွန်မ လာယူလျှင် အဆင်ပြေစေရန် အပြင်က mail box မှာ ထားခဲ့မည်ဟု ဆိုသည်။ Mail box ဆိုတာကလည်း flat no. တွေနဲ့ ဆွဲတံခါးလေးပါသော စာတိုက်ပုံးငယ်လေး ဖြစ်၍ ကျွန်မ စိတ်ချစွာ ထားခဲ့ပါဟု ပြန်ပြောခဲ့သည်။ အဲဒီအိမ် flat က လူရှင်း၍ သီးသန့်နေကြသူများ ဖြစ်သည်။ လမ်းမတန်း မဟုတ်၍ အပြင်လူဝင်ရန်လည်း ခဲယဉ်းပါသည်။ တခါတခါ သူများ flat မှ parcel တွေလည်း အခန်းရှေ့တွင် ထားခဲ့၍ လူမရှိလျှင်လည်း မည်သူမှ ခိုးယူလေ့မရှိသည်ကို ကျွန်မ တွေ့ဖူးခဲ့သည်။ ထို့ကြောင့် သူမကို အဲဒီ mail boxမှာ ထားခဲ့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
တကယ်တော့ အရင်ကဆိုလျှင် parcel ရောက်သည်ကို သိသိခြင်း နေပူပူ မိုးရွာရွာ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ကျွန်မ ပြေးယူမည်သာ။ ကိုယ့်အတွက် တကူးတက ပို့သော parcel ဖြစ်၍ တန်ဖိုးရှိသော ပစ္စည်းဖြစ်ဖြစ် တန်ဖိုးမရှိသော ပစ္စည်းဖြစ်ဖြစ် ကျွန်မတို့လို နိုင်ငံခြားရောက် ကျောင်းသူကျောင်းသားများ အနေဖြင့် အိမ်မှပို့ပေးသော parcel က ပျော်ရွှင်ကြည်နူးစရာ တမျိုးပင်။ တခါတလေ မြန်မာနိုင်ငံမှ မုန့်များ၊ အကြော်အလှော်များ၊ တခါတခါ လက်ဆောင်ပစ္စည်း အ၀တ်အစားများ ပါလာတတ်သည်။ တချို့ ပစ္စည်းတွေက ဒီမှာ ၀ယ်ယူလျှင်ရသည်ဆိုသော်လည်း မေမေပို့သော မြန်မာမှ ပစ္စည်းများ။ အလုပ်တွေရှုပ်သော အပျိုကြီးမမ ကပ်စေးနှဲ ပို့သော ပစ္စည်းများမှာ ကျွန်မအတွက်တော့ ရင်ခုန်စရာတန်ဖိုးမဖြတ်နိုင်သောပစ္စည်းများသာ ဖြစ်သည်။
ဒီတခေါက်တွင်တော့ သူ့ကို ကျွန်မ လာယူပါမည်ဟု ပြောလိုက်သော်လည်း တကယ်တမ်း ချက်ချင်း ကျွန်မ သွားမယူနိုင်ခဲ့ပါ။ ထိုသောကြာနေ့တွင် ကျွန်မ report ၃ခု တင်စရာရှိ၍ ကျောင်းသို့အစောကြီးသွားကာ စာတမ်းကိစ္စတွေနှင့် အလုပ်ရှုပ်နေခဲ့သည်။ ညနေ ၅နာရီ အမှီ တင်ရမည် ဖြစ်၍ ကျွန်မ၏ parcel ပုံးဆီသို့ စိတ်မရောက်အားပါ။ မမဆီက ဒီလိပ်စာကိုပဲ ပို့ထားသည်ဆို၍ မမဆီက ပို့သော parcel ဟုလည်း ကျွန်မ မထင်မိပါ။ ညနေ မိုးချုပ်မှ အိမ်သို့ပြန်ရောက်ခဲ့သည်။ မိုးလည်းချုပ်နေ၍ မိုးလည်းရွာနေသောကြောင့် နောက်တနေ့ စနေနေ့ မနက်တွင်မှ ကျွန်မ သွားယူဖြစ်ခဲ့သည်။ ဟိုရောက်တော့ mail box မှာ မတွေ့ရ၍ ထို flat မှ အိမ်ရှင်တဦးကို မေးကြည့်တော့ သူကလည်း မသိဟုဆိုသည်။ ကျွန်မလည်း ပစ္စည်း ထားခဲ့သော ထိုကောင်မလေးကို txt ပို့၍ မေးကြည့်တော့ ကောင်မလေးက သူတို့ flatmate တယောက်ယောက်က မသိဘဲ ပြန်ယူထားလိုက်မိတယ်ထင်တယ် မေးကြည့်ပေးပါမယ်ဟု ဆို၍ သူဆီမှ txt အပြန်ကို စောင့်နေခဲ့မိတာ။ ခု မမနဲ့ online မှာ တွေ့၍ မေးကြည့်တော့ သူ့ဆီမှ parcelဖြစ်နေသည်။
ကျွန်မ သိပ်ကိုဒေါသထွက်သွားခဲ့သည်။ တခုခုဆို ဒေါသကြီးသော ကျွန်မ စိတ်ဆိုးဆိုးနှင့် မမကိုပဲ အော်မိတော့သည်။ မမကလည်း သေချာပြန်မေးကြည့်ပါဟု ဆိုနေလေ၏။ ကျွန်မသိပ်ကို နှမြောမိသည်။ ယခုတခေါက် မမပို့လိုက်သော parcel က ကျွန်မ ၂၁နှစ်မြောက်မွေးနေ့အတွက် မွေးနေ့လက်ဆောင်ဖြစ်သည်။ မွေးနေ့ကျော်ပြီးမှပို့လိုက်ရ၍ အမြန်ရောက်စေရန် အမြန်ပို့နှင့် မမက ပို့ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပို့ခမှာလည်း သာမာန်ဈေးထက်ပိုပါသည်။ မွေးနေ့အတွက် အဓိကပါသည်က အရုပ်။ ထိုအရုပ်လေးကို လွန်ခဲ့သော နှစ်တည်းက movie တခုတွင် တွေ့မိ၍ ကျွန်မ စွဲလန်းခဲ့ခြင်း ဖြစ်သည်။ အရုပ်ကလေးက Marshimaro။ ထိုအရုပ်ကို တွေ့တွေ့ခြင်း ၀ယ်ပေးရန် မမအား ပူဆာခဲ့သော်လည်း မမက ရှာမတွေ့ခဲ့။ ခု မွေးနေ့ကျရောက်သော အပတ်တွင်မှ မမက ကျွန်မအတွက် မွေးနေ့လက်ဆောင် ၀ယ်ပေးရန် အရုပ်ရှာရင်း ထိုအရုပ်ကလေးကို တွေ့ခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူတပတ် နေရာအနှံရှာသော်လည်း မတွေ့ မလေးနေရာတော်တော်များများတွင်လည်း မတွေ့။ နောက်ဆုံးမလေးမှ အရုပ်ဆိုင်တဆိုင်မှ ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အမွှေးပွ အရုပ်တွေကို သိပ်မြတ်နိုးသော ကျွန်မ အတွက် ဖေဖေ မေမေ နှင့် မမတို့က မွေးနေ့တိုင်းလိုလို အရုပ်တရုပ် လက်ဆောင်ပေးလေ့ရှိသည်။ ယခု ၂၁နှစ်မြောက် မွေးနေ့မှာ ကျွန်မ သိပ်လိုချင်နေသော Marshimaro ကို ရမည်ဆိုတော့ သိပ်ကိုပျော်သွားမိသည်။ ဒီနှစ်မွေးနေ့တွင် ကျွန်မ အမ၀မ်းကွဲဆီမှ ယုန်ရုပ်လေးတကောင်ရခဲ့သော်လည်း မမဆီမှ Marshimaro လေးသည် ကျွန်မအတွက် ပိုတန်ဖိုးထားစရာလေး ဖြစ်နေခဲ့၏ ။ ခုတော့ ဒီအရုပ်လေးကို ကျွန်မ ပိုင်ဆိုင်ခွင့်မရတော့ဘူးတဲ့လား။ ကျွန်မ စိတ်ရှုပ်စွာ ဒေါသဖြစ်စွာနဲ့ မမနဲ့ စကားဆက်မပြောတော့ဘဲ အပြင်သွားစရာရှိသည်ဟု ဆိုကာ ရေသွားချိုးနေလိုက်သည်။
စိတ်ရှုပ်လျှင် အချိန်ကြာမြင့်စွာ ရေချိုးလေ့ရှိသော ကျွန်မဥာဉ်အတိုင်း ရေချိုးနေသည်မှာ အချိန်ဘယ်လောက် ကြာနေသည်မသိ အိမ်ရှေ့ လူခေါ်ခေါင်းလောင်းသံကြားမှ ကျွန်မရေချိုးခန်းမှ ထွက်ခဲ့သည်။ သူငယ်ချင်းနှင့် အပြင်သွားရန်ချိန်းထားခဲ့၍ သူငယ်ချင်းရောက်လာခြင်း ဖြစ်သည်။ ကျွန်မလည်း အမြန်အ၀တ်အစားလဲ၍ မမရှိသေးလားဟု gtalk တွင်ကြည့်လိုက်တော့ မမက message ချန်ပြီး အွန်လိုင်းတွင် မရှိတော့။
“sorry ngae. But try to find as much as u can. If u really wanna find in ur mind, 80% sure ll get back. It's my experience. I also really want u to get it. I ll pray until u find out. I know it ll get back to u. Now i need to out aldy. takecare. Bye”
ကျွန်မ သူငယ်ချင်းနှင့် ထိုအိမ်သို့ တခေါက်သွား၍ မေးကြည့်သော်လည်း အကြောင်းမထူးပါ။ စားစရာပစ္စည်းများ ပျောက်လျှင် ကျွန်မ နေသာဦးမည် ဖြစ်သော်လည်း ကျွန်မ မြတ်နိုးသော အရုပ်ကလေး … ထိုအရုပ်ကလေးက ကျွန်မအတွက် မွေးနေ့လက်ဆောင်အဖြစ် ရောက်ရှိလာခဲ့သည်ဆိုသော အရုပ်ကလေး… ကျွန်မ ၀မ်းနည်းလွန်း၍ ငိုကြွေးမိသည်မှတပါး ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါ။ ကျွန်မ ၀မ်းနည်းသလို မမလည်း စိတ်မကောင်းဖြစ်မည်မှာ အမှန်။ လိပ်စာမှားပို့သော မမကိုလည်း ကျွန်မ အပြစ်မတင်ချင်တော့ပါ။ ကျွန်မနှင့် မထိုက်၍ လွဲခဲ့ဟုသာ ဖြေရတော့မည်…။ သို့သော် ကျွန်မ ကြိုးစား၍ ရှာချင်ပါသေးသည်။
ဖြစ်နိုင်လျှင်…ကျေးဇူးပြု၍ … ကျွန်မ အရုပ်ကလေး ပြန်ပေးပါ…။
ရှင်ထိပ်ထား
May 17,2011 (7:30pm)

Monday, May 16, 2011

ညနက်နက် (၄)

"စုန်းထီး"
သင့်ဆာလောင်မှု အတွက်
ငါ့ကို ယစ်ပူဇော်ပါ။
ငါ့ဝိညာဉ်ကို မာယာနှောင်ကြိုးနှင့်
ဖမ်းချုပ်ပါ။

"၁၂ကြိုးကဝေ"
ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါ။
ထို့နောက်...
မက်မက်မောမော နမ်းရှိုက်ပါ။

ရှင်ထိပ်ထား
May 1,2011