Friday, June 29, 2012

အချစ်ဆိုတာ မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ဘူး.. နတ်ဆိုးငယ်


အချစ်ဆိုတာ ... မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ဘူး... နတ်ဆိုးငယ်
အကြည့်တချက်.. အပြုံးတ၀က်နဲ့တင်... သူ့ရှေ့အခါခါ ဒူးထောက်ဖူးတယ် ...
နတ်ဆိုးငယ်... အလွမ်းဆိုတဲ့ ဝေဒနာ တခမ်းတနားလှပလွန်းတာ မင်းမှမသိဘဲနဲ့..
ဒါပေမယ့်..  ရုံသွင်းပြစားရအောင်လည်း အပေါစားမဆန်လှပါဘူး...
ဆွဲမိဆွဲရာ .. ရေးခြစ်မိတဲ့ ပန်းချီကား... သူ့ပုံတူတွေသာ ဖြစ်လို့နေတယ်...
တကယ်ပါ နတ်ဆိုးငယ် .. ငါ သူ့ကို ကိုးကွယ်ဖူးတယ် ...
ခွဲခွာခြင်းရဲ့နောက် ညတွေကို လွင့်ပစ်လိုက်ရတယ် ...
သူ့မာယာတွေပဲ .. အလှကြည့်နေမိတော့တယ်...
သေချာပါတယ် .. နတ်ဆိုးငယ်..
အချစ်ဆိုတာ... မှားယွင်းတဲ့ ကိုးကွယ်မှုတခု မဟုတ်ပါဘူး ... ... ...

ရှင်ထိပ်ထား
Sep24, 2011

One Snowy Day


ပထမဆုံးနှင်းတွေကျတဲ့ မနက်မှာ 
       ဘာရယ်မဟုတ်ပါပဲ
          သူ့ကို သတိရမိပါတယ် ... ။
       သက်ဆိုင်မှုဆိုတာ ..
    ကျွန်မတို့ နှစ်ယောက်အကြား မရှိပေမယ့်...
တိုက်ဆိုင်မှုတွေကတော့
    အမြဲ ဖြစ်တည်နေမယ်ဆို .. 
သူ့... ကျွန်မရဲ့ သတိရခြင်းတွေကို ခံစားမိမှာပါ။
                        ရှင်ထိပ်ထား
                                      July 24,2011 

တဒင်္ဂ



     မမြင်တွေ့ရ
     ရက်များစွာတွင်
     သူ့အား တမ်းတ
     သတိရ၏။
            ကြုံစဉ်ခဏ
            တဒင်္ဂ၌
            ရင်ဝယ်လှိုက်ဖို
            ကြည်နူးမိ၏။
                   ကံကိုမျှော်ကိုး
                   အခွင့်ပေးလျှင်
                   သူနှင့်တဖန်
                   ဆုံတွေ့ချင်သည်။
                                     ရှင်ထိပ်ထား
                                     Feb28,2011
                                     (1:10am)

တနေ့နေ့..


တနေ့နေ့ပေါ့...
        အဲဒီတနေ့နေ့ရောက်ရင်လေ... ကျွန်မ မောင့်အနားကိုတိုး... မောင့်ပုခုံးလေး မှီရင်း ...
 မောင့်ကိုသိပ်ချစ်ကြောင်း... တေးသံချိုချိုလေး .. ညည်းပြဦးမယ်..

တနေ့နေ့ပေါ့...
       အဲဒီတနေ့နေ့ရောက်ရင်လေ... ကျွန်မ မောင့်ရင်ခွင်ထဲတိုး... မောင့်ခါးလေးပွေ့ဖက်ရင်း...
 မောင်ပြောပြတဲ့လောကကြီးအကြောင်း... နားထောင်ရဦးမယ် ...

တနေ့နေ့ပေါ့...
       အဲဒီတနေ့နေ့ရောက်ရင်လေ... ကျွန်မ မောင့်လက်ကိုဆုပ်ကိုင်... မောင့်အပြုံးတွေကို နမ်းရှိုက်ရင်း.... နှစ်ယောက်ပေါင်းဘ၀ တည်ဆောက်ဖို့... ခွန်အားတွေ မွေးရဦးမယ်...

        အဲဒီ တနေ့နေ့ကလေ... မရေရာလှပေမယ့် .. သေချာလှတဲ့ .. တနေ့နေ့တော့ ..
ဖြစ်စမ်းချင်တယ်ကွယ် ...
                                ရှင်ထိပ်ထား

သူ့ကို လွမ်းတတ်နေပြီ...




မနက်အိပ်ရာနိုးတိုင်း
သူ့အသံလေး ရှာဖွေနေတတ်ပြီ။

ညအိပ်ရာဝင်တိုင်း
သူ့ပုံပြင်လေးတွေ မက်မောနေတတ်ပြီ။

အချစ်သီချင်းတွေ နားဆင်တိုင်း
သူ့အကြောင်း တွေးနေတတ်ပြီ။

သူနဲ့ဝေးကွာတိုင်း
သူ့messageတွေ မျှော်နေတတ်ပြီ။

သူနဲ့ဆုံတွေ့တိုင်း
သူ့အကြည့်တွေမှာ ပျော်ဝင်နေတတ်ပြီ။

ချမ်းလွန်းတဲ့ ဆောင်းရာသီညတိုင်း
သူ့ရင်ခွင်ကို တမ်းတနေတတ်ပြီ။

သူကြင်နာတိုင်း
သူ့အနမ်းတွေမှာ ရင်ခုန်နေတတ်ပြီ။

ကော်ဖီသောက်တိုင်း
သူ့ကို လွမ်းတတ်နေပြီ။

                     ရှင်ထိပ်ထား
                     (Apr 2,2012)

Love my Past, Present n' Future



ကျွန်မရဲ့အတိတ်တွေကို... ကြည်ဖြူပါ....
     သူတို့ကြောင့်.. ရှင့်ကို
             နားလည်မှုတွေ.. ပေးစွမ်းနိုင်ခဲ့တာ.. ..

ကျွန်မရဲ့ပစ္စုပ္ပန်ကို... ချစ်မြတ်နိုးပါ...
       သူ့ကြောင့်... ရှင့်အတွက်
               ချိုမြတဲ့ နေ့ရက်တွေ... ဖန်ဆင်းပေးနိုင်ခဲ့တာ... ...

ကျွန်မရဲ့အနာဂါတ်ကို... ကြင်နာယုယပါ...
         သူ့ကြောင့်မို့... ရှင်နဲ့အတူ
                လက်တွဲရင်ဆိုင်ဖို့... အိမ်မက်တွေ...
                       ပိုင်ဆိုင်ထားရှိခဲ့တာ.... ....

                                              ရှင်ထိပ်ထား
                                              Jun2,2012

တရာသီစာ အလွဲ

April .. April ... မင်း သိပ်လှတယ် April...
မင်းရဲ့ရက်စက်မှုက သိပ်ကို လက်ရာမြောက်လွန်းလှတယ် April
ငါ့ရဲ့နှလုံးသားကို အခါခါ ဆွဲထုတ်ခဲ့တာလည်း .. မင်းပဲ April
ငါ့ မနက်ခင်း အလင်းတွေကို အကြိမ်ကြိမ်အမှောင်ချခဲ့တာလည်း မင်းပဲ April
တကယ်ဆို... ငါဟာ.. ပျော့ညံ့တဲ့ သူတယောက်ပါ April
မင်းနဲ့တွေ့တိုင်း ပျော်ရွှင်ရသူတွေ အများကြီးထဲမှ
ငါနဲ့ကျမှ ကြေကွဲခြင်းတွေသာ ခံစားစေရတယ်တဲ့လား
မင်း ကျေနပ်လိုက်ပါတော့ April
ဒီနှစ်လည်း မင်းနှစ်ပါပဲ...
မင်းနိုင်ပါတယ် April...

ရှင်ထိပ်ထား
Apr 10,2012
(7:30pm)

Sunday, February 19, 2012

New year အလွမ်း



 တကယ်တော့... ခဏလေးပါပဲ .. သူ့အတွက် အတွေးက ခဏလေးပါပဲ... အဲဒီအတွေးခဏလေးက ကိုယ့်ကိုနာကျင်စေနိုင်သလို ကိုယ့်ကိုလည်း ပျော်ရွှင်စေနိုင်တယ်... အဲလိုဖြစ်အောင် ပြုလုပ်နိုင်စွမ်းတာတော့ အချစ်ဆိုတဲ့ ဖန်ဆင်းရှင်ပဲ ဖြစ်ပါလိမ့်မယ်... 

အိုးး.. လူတွေကလည်း များလိုက်တာ...
နှစ်တိုင်းလိုလို new year ညတွေမှာ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ သွားလေ့မရှိဘဲ
တယောက်တည်း နာရီလက်တံလေး၂ခု နံပါတ်၁၂မှာ တထပ်တည်းကျချိန်ကို အခန်းမီးမှိတ်စောင့်နေတတ်သူ
ကျွန်မအတွက် .. ဒီလို အပြင်ထွက်ပြီး fireworks ကို ကြည့်မိခြင်းဟာ ပထမဆုံးအကြိမ်ပါ..
ကျွန်မ အခုရောက်နေတာ vivo city shopping mall ရဲ့ အပေါ်ဆုံးထပ်မှာပေါ့ အမိုးအကာတွေ မရှိဘဲ ကောင်းကင်က ကြယ်တာရာတွေနဲ့ fireworks ကို ထင်ရှားစွာ မြင်နိုင်သလို new year အတွက် အလှဆင်ထားတဲ့ ဒီဇိုင်းအမျိုးမျိုးကြောင့် vivo city ရဲ့ အပေါ်ဆုံးထပ်မှာ
လူတွေက အပြည့်ပါပဲ.. ကျွန်မ တကယ် အံ့သြမိတယ်... ည ၁၂တိတိမှာ လုပ်မယ့် fireworks အတွက် ည၈နာရီ ၉နာရီကတည်းက ဒီနေရာမှာ နေရာယူနေကြသတဲ့... သေချာပါတယ် ကျွန်မ တယောက်တည်းသာဆို ဒီနေရာကို လာဖြစ်မယ် မထင်ပါဘူး...
စင်္ကာပူနိုင်ငံရဲ့ new year ကို စောင့်ဆိုင်းရင်း .. ကျွန်မ အတွေးတွေက သူ့ဆီကို ရောက်သွားမိတယ်... new year ညအတွက် သူရော
ဘာတွေ လုပ်နေမလဲဟင်... သူ ကျွန်မကို သတိရနေမလားဆိုတဲ့ အတွေးလေး တွေးလိုက်မိတော့ ... ကျွန်မ ကိုယ့်ဘက်ကိုယ်ယက်မိသူအဖြစ်
တချက်ပြုံးလိုက်မိတယ်... သူ ဘာတွေလုပ်နေမလဲလို့ မေးလိုက်မိရင် သူ့ဆီက ပြန်ကြားရမယ့် သေချာတဲ့ စကားတခွန်းကတော့ " သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး သောက်နေတာပါ" ဆိုတာမျိုးပေါ့... စိတ်လိုလက်ရ ရှိရင်တော့ " မင်းကို လွမ်းနေတာပေါ့" လို့ ဖြေချင်ဖြေပါလိမ့်မယ်...
သူ.. တခြားမိန်းကလေးတယောက်နဲ့များ အတူတူစကားပြောရင်း new year ညကို ကုန်ဆုံးစေမလားလို့ တွေးလိုက်မိတဲ့အခါမှာတော့ ကျွန်မရဲ့ဝဲဘက်ရင်ဘတ်က နာကျင်သွားမိတယ်... သူနဲ့လည်း တညလုံးစကားပြောချင်စိတ် ပြင်းပြသွားမိတယ်.. အင်းလေ... ကျွန်မမှ သူ့အနားရှိမပေးနိုင်ပဲ သူ့ရဲ့လွတ်လပ်ခွင့်ကို တားမြစ်ခွင့်လည်း မရှိပါဘူး... သူနဲ့ပတ်သတ်လာရင် ကျွန်မရဲ့ ရင်ခုန်သံစည်းချက်တွေ မမှန်တတ်တာ သတိထားမိပေမယ့် ...
အဲဒီ ရင်ခုန်သံတွေကို ဘာသာပြန်ဖို့ အခွင့်အရေးလည်း ကျွန်မ မပေးခဲ့မိဘူး... သူကတော့ အမြဲ ပြောတတ်တယ်... "ထိပ်ထား မတရားဘူး"တဲ့...
ကောင်းကင်ကြီးကတော့ နှစ်သစ်မှာ လှပနေခဲ့ပါတယ်.. နာရီများစွာ ကွာခြားတဲ့ သူရဲ့ကမ္ဘာတခြမ်းမှာ ကျွန်မအတွက် အလွမ်းတွေ တစွန်းတစမှ ရှိပါလေစ...
WOW ...

YAY...

10

9

..

..

သူတို့တွေရဲ့ အော်သံကြောင့် ကျွန်မအတွေးစတွေ ပြန်သိမ်းရင်း အလန့်တကြား နားထောင်မိလိုက်တယ်... ၁၂နာရီ ပြည့်ဖို့အတွက် count down လုပ်နေကြပြီ
ဟုတ်တာပေါ့ ၁၀ စက္ကန့်လောက်ပဲ လိုတော့တာကိုး.. သူတို့မျက်နှာတွေမှာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်မှုတွေ ကိုယ်စီနဲ့ပေါ့ .. နှစ်သစ်ကို ရင်ခုန်စွာ စောင့်ကြိုနေကြတယ်...
..

3

2

1

YEAH ... HAPPY NEW YEAR ဆိုတဲ့ အားလုံးရဲ့ ကြိုဆိုသံနဲ့အတူ fireworks တွေနဲ့လည်း ကောင်းကင်ကို အလှဆင်နေကြပါတော့တယ်...
ကျွန်မကတော့... သူတို့နဲ့ ဝေးရာကို တဖြည်းဖြည်း ရွေ့လျားရင်း အိမ်အပြန်လမ်းကို ဦးတည်နေခဲ့ပါပြီ..
နှလုံးသားရဲ့ ထောင့်တနေရာမှာတော့... ဗလာ ဖြစ်နေတဲ့ အလွမ်းတွေနဲ့ပေါ့...
P.S >>> မမျှော်လင့်ထားခဲ့ပေမယ့် new year မှာ သူကျွန်မကို လိုအပ်နေခဲ့တယ်ဆိုတာ သူ့message တွေက တဆင့် သိခဲ့ရတဲ့ အခါမှာ... ကျွန်မရဲ့ အလွမ်းတွေက ခမ်းနားသွားပါလိမ့်မယ် ...
ရှင်ထိပ်ထား
11 Jan 2012

သုံးရာသီစာ အလွမ်း


လွမ်းရတဲ့ အရသာက
ချစ်ရတဲ့ အရသာထက်
ပိုချိုမြိန်တယ်လို့ သူမ ပြောဖူးတယ်။

အတူရှိဖူးတဲ့ ခဏတွေကို
မကြာမကြာ ထုတ်ကြည့်ရင်း
လတိုင်းရဲ့ ပထမဆုံးနေ့(Anniversary)ကို
သတိတရ ခုံမင်နေတတတ်တယ်။

တခါတခါ
စည်းချက်မညီ ပြန့်ကျဲသွားတဲ့
ရင်ခုန်သံအပိုင်းအစတွေကို
တစစီ လိုက်ကောက်ကြည့်နေတတ်တယ်။

မဆိုင်တော့ပေမယ့်
လှုပ်ခတ်နေဆဲ ၀ဲဘက်ရင်ဘတ်အောက်က
နှလုံးသားတစုံမှာ
သူ့အတွက်
သုံးရာသီစာ အလွမ်း
သူမ ပျိုးထားတယ်။ ။

ရှင်ထိပ်ထား
Sep 1, 2011