Tuesday, June 1, 2010

သူပြောပြခဲ့ဖူးသော ပုံပြင်တပုဒ်-၁

ဟိုးရှေးရှေးတုန်းက နတ်သမီးလေးတပါးက တောထဲကို အလည်ထွက်ခဲ့တယ် . . .

အဲဒီတောအုပ်လေးက ပန်းတွေချည်းပဲ ပွင့်တဲ့ တောအုပ်လေးပေါ့ . . .

နတ်သမီးလေးကလည်း ပန်းလေးလိုပဲ ရွှေအဆင်ရုပ်ထုလေးလိုပဲ အရမ်းလှတယ် ... ဒါပေမယ့် သူက ပျော်တတ် စတတ်တယ် . . .

သူ့တန်ခိုးနဲ့ ပန်းပွင့်လေးတွေကို ၀ှက်ထားတာမျိုး၊ ကြယ်လေးတွေကို ခရေပွင့်အဖြစ် ပြောင်းတာမျိုး အဲသလိုမျိုး ရိုးသားတဲ့ စနောက်မှုလေးတွေနဲ့ပေါ့ . . .

အဲဒီနတ်သမီးလေးက တောအုပ်ရဲက တနေရာလည်း ရောက်ရော အရမ်းလှတဲ့ နှင်းဆီပင်က နှင်းဆီပွင့်တွေရဲ့ ဆူးတွေကို ဖြုတ်ဖို့ သင့်မသင့် စဉ်းစားနေတုန်း . . . . ခါး ကုန်း ကြီး တယောက်ကို တွေ့ရော တဲ့ . . . ။

ဒါနဲ့ပဲ သနားတတ်တဲ့ နတ်သမီးလေးက ခါးကုန်ကြီးကို ပျော်အောင်လုပ်ပေးဖို့ စဉ်းစားပြီး ခါးကုန်းမကြီး ယောင်ဆောင်လိုက်ပါလေရော . . . ။

ပြီးတော့ ခါးကုန်းကြီးဆီသွား ... တူတူပုန်းတမ်းဆော့မယ်တဲ့ ... အဖော်မဲ့ ခါးကုန်းကြီးကလည်း ပျော်သွားတယ် ... ဆော့မယ်ပေါ့ ... တယောက်တလှည့်ပုန်းဖို့ မဲချတော့ ခါးကုန်းမကြီးမဲကျတယ် ... ခါးကုန်းမကြီးက ခေါင်းလောင်းပန်းပင်လေးထဲ ၀င်ပုန်းတုန်း တခုသော ခေါင်းလောင်းပန်းပင်လေးကို ခလုတ်တိုက်မိလိုက်တော့ ဂီတသံလေးနဲ့အတူ ပန်းပွင့်နတ်သားလေး ပေါ်လာတယ် . . . ။

နတ်သမီးလေးဟာ နတ်သားလေးကို မြင်မြင်ချင်းချစ်သွားတော့ မူလနတ်သမီးလေးလို ပြန်ပြောင်းလိုက်တယ် .. နတ်သားလေးကလည်း သိပ်လှတဲ့ နတ်သမီးလေးကို ချစ်သွားတယ် . . . နှစ်ယောက်သား လျှောက်လည်ကြဖို့ တိုင်ပင်ကြတယ် ... ။

နတ်သမီးလေးက ခါးကုန်းကြီးကို မမေ့ပါဘူး ... သူရှာနေတဲ့ဆီသွားပြီး သူ ပြန်တော့မှာမို့လို့ ဆက်မရှာဖို့ ပြောခဲ့တယ် ... ။

ခါးကုန်းကြီးက နတ်သမီးလေးကို ပြုံးပြလိုက်တယ် . . . ဘာမှတော့ ပြန်မပြောဘူး . . . နတ်သမီးလေး ထွက်သွားမှ ဆက်ကာ ဆက်ကာ ရှာနေတယ် . . .ဟုတ်တယ်လေ .. သူရှာနေတာ နတ်သမီးလေး မဟုတ်ပါဘူး ခါးကုန်းမကြီးပါ . . . ။

ဒီနေ့အထိလည်း တောထဲမှာ ခါးကုန်းကြိးတယောက် ခါးကုန်းမကြီးကို ရှာနေတုန်းပါ တဲ့ . . . မရှာနဲ့တော့လို့များ မပြောလိုက်ပါနဲ့ . . . ကမ္ဘာပေါ်မှာ သူပိုင်ဆိုင်တာ မျှော်လင့်ချက် တခုတည်းပါတဲ့ . . .

ပုံပြင်လေးကတော့ ဒါပါပဲတဲ့ . . .

No comments:

Post a Comment