Sunday, October 17, 2010

သူ့ချစ်သူ မသိသော ကျွန်မချစ်သူ "သူ့" အကြောင်း

ပြောပြချင်တယ် နင့်ချစ်သူကို. . .
သူ မသိတဲ့ နင့်ရဲ့ အကြောင်းတွေ
သူ သိစေဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို. . .
နင် သိပ်သ၀န်တိုတတ်တာတွေ
နားလည်ပေးဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို. . .
နင် အားငယ်ချိန်တိုင်း
ချစ်သူကို တမ်းတတတ်တယ်ဆိုတာ
သူ သိစေဖို့ . . .
နင် နဲ့တွေ့တိုင်း
နင် အပျင်းပြေအောင်
စကားတွေ များများပြောပေးဖို့. . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင့်လက်တွေ ယောင်တိုင်း
မတည့်တဲ့ အစားအစာတွေ
ဂရုတစိုက် ဆင်ခြင်ပေးဖို့ . . .
နင် ဆေးလိပ်လျှော့သောက်ဖို့
တားမြစ်ပေးဖို့. . .
အရက် ဘီယာ နင်နဲ့မတည့်တာ
သူ သိစေဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင် မာနကြီးတတ်တာတွေ
သူ အလျှော့ပေးတတ်ဖို့ . . .
နင် ခေါင်းမာတတ်တာတွေ
စိတ်ရှည်သည်းခံပေးဖို့ . . .
နင် စိတ်ဆိုးပြီး အော်ငေါက်တတ်တိုင်း
ငြိမ်ငြိမ်လေး နားထောင်ပေးဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင် မနက်အိပ်ရာနိုးတိုင်း
နင့်အနားမှာရှိပေးဖို့
နင် ညအိပ်ရာဝင်တိုင်း
နင့်ကို ချော့သိပ်တတ်ဖို့
နင် ဂီတာတီးတိုင်း
သီချင်းလေးတွေကို
အတူတူ ခံစားပေးဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင်က ဆံပင်ရှည်ရှည်တွေ
မြတ်နိုးတတ်ကြောင်း
မြန်မာဆန်ဆန် မိန်းကလေးကို
နှစ်သက်ကြောင်း
ရင်ဖုံးအကျီ မြန်မာထမိန်
ပါးကွက်ကြားလေးနဲ့ ချစ်သူကို
တန်ဖိုးထားတတ်ကြောင်း
သူ သိစေဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင် သွားချင်တဲ့
မေမြို့ ကန်တော်ကြီး ဥယျာဉ်ကို
အတူတူ သွားဖြစ်အောင် သွားဖို့
နင် ဖူးချင်ခဲ့တဲ့
မဟာအံ့ထူးကံသာ ဘုရားကြီးကို
မနက်တိုင်း
နှစ်ယောက်အတူတူ ဖူးဖို့
နင် စားချင်ခဲ့တဲ့
ကောက်ညှင်းပေါင်းကို
ဘုရားဖူးပြီးတိုင်း အတူတူ သွားစားကြဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
နင့်အတွက်
မမေ့မလျော့
ဘုရားမှာ နေ့စဉ်
ရေပူရေချမ်း ကပ်လှူပြီး
ဆုတောင်း မေတ္တာ ပို့ပေးဖို့ . . .

ပြောပြချင်တယ် နင့်ချစ်သူကို . . .
ပြောပြချင်တယ် နင့်ချစ်သူကို . . . .
ပြောပြချင်တယ် နင်ချစ်သူကို . . . . . . .
. . . . . . . . . . . . . . .. . .. . . . . . . . . .. .
. . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . .. . . . . . . . . . . . . .


ရှင်ထိပ်ထား
OCT 17, 2010
10:00 pm

No comments:

Post a Comment