Friday, February 11, 2011

ညနက်နက်(၃)

(၁)
ဖြစ်နိုင်ရင်လေ
ကိုယ့်ကိုကိုယ်ပဲ
အရှင်လတ်လတ် သဂြိုလ်လိုက်ချင်တယ်။
တခုပဲ။
အဲဒီလောင်ကျွမ်းမှုမှာ
နင့်ရဲ့ မီးစာတော့
မကူပါနဲ့။
(၂)
သူတို့မှန်နေသရွေ့
ငါကတော့ မှားနေဦးမှာပဲ။
ဘယ်သူကမှ အဖြေမှန်ကို
အဆိုမတင်သွင်းနိုင်သရွေ့ပေါ့။
(၃)
လွတ်လပ်ခြင်းရဲ့ နိဂုံးက
ချစ်ခြင်းလား?
ချစ်ခြင်းရဲ့ နိဂုံးက
လွတ်လပ်ခြင်းလား ...? ဆိုတာ
ခင်ဗျား သေချာတွေးကြည့်ဖူးရဲ့လား?
(၄)
သူစိမ်း ယောက်ျားတယောက်နဲ့
မိန်းမတယောက်တို့ရဲ့
ပတ်သတ်ဆက်နွယ်မှုတွေထဲမှာ
"ချစ်သူ"ဆိုတဲ့ "လှပတဲ့ နှောင်ဖွဲ့မှု"ကို
ကျွန်မ မုန်းတယ်။
(၅)
"ယုံကြည်မှု"ရဲ့ အနားသတ်က
"နားလည်မှု"။
ဒီမှာ!
တဆိတ်လောက် ကျေးဇူးပြုပြီး
ရှင် ကျွန်မကို ယုံကြည်ပေးပါလား?
ဒါဆို ကျွန်မကို နားလည်လာပါလိမ့်မယ်။
ရှင်ထိပ်ထား
Jan26,2011

No comments:

Post a Comment