Tuesday, June 1, 2010

အရှူံးချစ်သူ၏ စကားများ




(၁)
အကြောင်းကြောင်းသော အကြောင်းတွေကြောင့်ပဲ
အမျိုးမျိုးသော အမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲလေ။

(၂)
ချစ်ခြင်းမေတ္တာဟာလည်း
အနိစ္စတရားမှာ အလုံးအရင်းပါတာပါပဲ
ဟောဒီလှိုင်းတွေက
တချိန်မှာ ငြိမ်သက်ရဦးမယ်
အခုတော့
ငါ ကိုက်မိတဲ့ ငါ့နှုတ်ခမ်းက
သွေးစို့နေဆဲပါ။

(၃)
မေးပါရစေ . . .
ချစ်သူက အထင်သေးတာလောက်
ရင်နာစရာကောင်းတာ
လောကမှာ ဘာရှိပါသလဲ
နင်ခိုင်းသလို ခေါင်းမဖြီးတာနဲ့ပဲ
လူညံ့ဘ၀မှာ
ငါ...............ခြောက်လကြာခဲ့တယ်။

(၄)
မေတ္တာတရားဟာ ချိန်ခွင်ပါပဲ
နှစ်ဖက်အလေးချိန်တူဖို့လိုတယ်
တယောက်ယောက်က လိုရင်ဖြစ်ဖြစ်
တယောက်ယောက်က ပိုရင်ဖြစ်ဖြစ်
တဖက်စောင်းနင်းဝေးကွာမှုဟာ
နှစ်ဆ တက်လာမယ်။

(၅)
ငါနာကျင်ဖူးသလို နင်နာကျင်ဖူးမယ်
နင်နာကျင်ဖူးသလို ငါနာကျင်ဖူးမယ်
နင်နာကျင်မှုကိုပဲ တွက်ပြီး
ငါ့ဘက်ကို မစဉ်းစားရင်
ချစ်သူတို့ ယဉ်ကျေးမှုဟာ
ဟန်ချက်ပျက်သွားနိုင်တယ်။

(၆)
ဟိုး... တချိန်ကိုပြန်ကြည့်လိုက်တော့...
ငါစောင့်စည်းခဲ့တယ်
ငါထိန်းသိမ်းခဲ့တယ်
ငါ့အပေါ်ကျ
မစောင့်စည်းကြပါတကား
မထိန်းသိမ်းကြပါတကား
ပျက်ကွက်ခဲ့ကြပါတကား
ဘယ်သူချမှန်းမသိတဲ့ ကျိန်စာက
ငါ့အပေါ်ရှိနေတုန်းပါပဲလား
ရင်နာစရာပါပဲလေ။

(၇)
ငါပေးဆပ်ခဲ့တဲ့ နည်းနည်းပါးပါးလေးတွေထဲမှာ
ချစ်ခြင်းတရားနဲ့ မတို့ထိတာ ပါဝင်ခဲ့ဖူးသလား။
အစုန်အဆန် စဉ်းစားကြည့်ပါ
ငါ့ သိက္ခာတရားတို့ကို
ငါ့ ကိုယ် ငါ လျှော့စေမယ်လို့
နင်...
ထင်ရက်ပါသလား။

(၈)
ယူသလောက်ပြန်ပေးရမယ်လို့ ငါမပြောခဲ့လို့များ
ပေးသလောက် မေတ္တာကို မတင်းတိမ်တာလား။
ငါလည်း ဒီတယောက်ကျမှ
ရှိစုမဲ့စု "ပုံအော"ခဲ့မိတယ်။
ဒါအကုန်ပဲလို့
ငါ ဘယ်လိုပြောရမှာလဲ။

(၉)
ငါ့ထက်မြတ်မှုကိုမှ
နင်က ချော့မွေ့စေချင်ခဲ့တော့
ငါ့ငြိမ်းအေးရာ ဇရပ်ကိုမှ
နင်က တိုက်ယူချင်ခဲ့တော့
နင်တခွန်း ငါတခွန်းမှာပဲ
ငါတို့ ကျောချင်းကပ် လွဲခဲ့တယ်။

(၁၀)
နင့်အလင်းနဲ့ ငါ့ကမ္ဘာကြား
ဘယ်လို အရာဝတ္ထုတွေများ ၀င်ရောက်ခြားနားလို့
အရိပ်မည်း အရိပ်ကွက်တွေနဲ့
နင် "နေကြတ်"သွားခဲ့ပါလိမ့်။
နင်နှစ်သိမ့်မှာကို လိုချင်တာလည်း
စိတ်ကူးယဉ်မှုတခုပါပဲဆိုတာ
အခုချိန်မှာ . . . .ငါ
အလူးအလိမ့် နားလည်ခဲ့ပါပြီ။

(၁၁)
ဘယ်လိုကာလမျိုးအထိ
ငါ့မှာ နာနာကျင်ကျင်ရှိနေရမှာလဲ။
နင့်စကားကို ငါ
ခေါင်းငုံ့နာခံခဲ့တယ်
ငါ့စကားကိုတော့ နင်
အရွဲ့တိုက် ဆန့်ကျင်ခဲ့တယ်။
ငါတောင်းဆိုတဲ့ တခွန်းနှစ်ခွန်းကိုတောင်
နင်က ခြွင်းချက်တွေ လိုချင်နေမှတော့
ငါ .... ဘာများပြောရဦးမှာလဲ။

(၁၂)
အချစ်မှာ သံသယလေးလိုတယ်
မင်း ကျင့်သုံးဖူးရဲ့နဲ့များ
အချစ်မှာ သ၀န်တိုမှုလေး လိုတယ်
မင်း စိတ်ညစ်ဖူးရဲ့နဲ့များ
အချစ်မှာ အနိုင်ယူမှုလေး လိုတယ်
မင်း တချက်တည်း ပိုင်းဖူးရဲ့နဲ့များ
ငါ့ဘက်ကိုကျတော့
မင်း တပြားမှ ခွာမပေးခဲ့ပါတကား။

(၁၃)
ငါမြတ်နိုးတဲ့ နူးညံမှုကိုမှ
နင်ရဲ့ဒေါသမာနလှိုင်းတွေကြားမှာ
နစ်မြှုပ်ပျောက်ကွယ် စေခဲ့ရင်လည်း
ငါ့ရဲ့ ငိုရှိုက်သံတွေကို
နင် နားဆင်ဖို့ မလိုအပ်တော့ပါဘူး။

(၁၄)
အပြန်အလှန်ရယ် ဖြစ်လာရင်
အနည်းအများဆိုတာ ဖြစ်လာမှာပဲ
ဒီလိုသာ တွက်ချက်နေကြရင်
မေတ္တာဟာ ဈေးကွက်ဆန်သွားလိမ့်မယ်။

(၁၅)
နင်နာကျင်နေရင်
(အောင်မြင်တာ မအောင်မြင်တာ ခဏထားလို့)
နှစ်သိမ့်ဖို့ ငါကြိုးစားခဲ့တယ်
ငါ နာကျင်နေရင်
မြင်တတ်အောင် နင်မကြည့်ဘူး
ငါတော့
ထုတ်ချင်းခတ်ဆူး......စူးခဲ့ပြီ။

(၁၆)
ငါ နင့်ကို မခွဲနိုင်မှန်းသိတော့
နင် ငါ့ကို လက်ဖျားလေးပေါ် တင်လှည့်တောမယ်
ပေါ့ပေါ့ဆဆ နှစ်သိမ့်မှုတွေဟာ
ငါ့ကို ပိုစိတ်နာစေတယ်
ဒါပေမယ့် ငါကျေနပ်ရမှာပါ
ငါက ချစ်မိသူကိုး။

(၁၇)
"ဒီလိုမပြောပါနဲ့"လို့ နင်ပြောလိမ့်မယ်။
တကယ်တော့
ငါ့စကားကို နာကျင်လို့ မဟုတ်ဘူး။
နင်.... နားငြီးလို့ပဲဖြစ်မှာပါ။

(၁၈)
နင်ခေါ်နေကျ ငါ့နာမည်ကို
တိုးတိုးလေး တခွန်းသာဆိုလိုက်
နင့်ကို အပြစ်တင်ချင်တဲ့ စကားတွေ
ငါ့ကိုယ်ငါ ပြောမိသွားခဲ့
ငါ ထင်ထားတဲ့ နင့်အမှားတွေဟာ
ငါ့အမှား လုံးလုံးဖြစ်ခဲ့
အပြစ်တင်ရင်း အပြစ်တင်ရင်း
နင့်ကိုငါ တောင်းပန်မိရက်သား ဖြစ်ခဲ့
ချစ်မိတဲ့သူ ဆိုတာမျိုးက
နှစ်ထပ်တိုးနဲ့ ရှုံးရတယ်။

(၁၉)
"ငါ သူ့ကို မေ့နိုင်ပါ့မလား"
စိတ်ကူးနဲ့ ခဏခဏတွေးကြည့်တယ်
အဲဒါကိုက သတိရဖို့ ဖြစ်ခဲ့ပြီ။
ငဲ့ကွက်စရာတွေကို မငဲ့ကွက်ရင်တောင်မှ
နင့်ကိုငါ မေ့လို့မရတော့ဘူး။

(၂၀)
နင် စိတ်ချမ်းသာဖို့အတွက်
မဲ့ရမယ့်အချိန်မှာ ငါ ပြုံးခဲ့တယ်။
စိတ်ဆိုးရမယ့်အချိန်မှာ ငါကြင်နာခဲ့တယ်။
မာနတင်းရမယ့်အချိန်မှာ ငါ အလံ"ဖြူ" ခဲ့တယ်။
သြော်... ငါဟာ
လူပေါလူကြောင် ဖြစ်ခဲ့ပြီပေါ့လေ။
အခုတော့ ဒါတွေအားလုံးဟာ
ငါ့အခန်းဝှက်လေးထဲမှာ
ယမ်းတွေလိုပဲ အောင်းနေတယ်။

(၂၁)
နင့်ရဲ့ တဖက်သတ်မဲ့ပြုံးကို
သေလောက်အောင် စိတ်နာတယ်။
ငါ့အလုံးစုံ မြတ်နိုးမှုဟာ
နင့်အတွက် မလုံလောက်ရင်တောင်
စော်ကားစရာ အကြောင်းမရှိပါဘူး။
ငါက
နင်ပေးတဲ့ အမာရွတ်တွေကို အလှဆင်ခဲ့သူ
နင်က
ငါပေးတဲ့ မြတ်နိုးမှုတွေကို ခြေသုတ်ခဲ့သူ
မင်းရဲ့ ပစ်ပစ်ခါခါ အကြည့်မှာ
ငါ့ ငယ်ထိပ်ကို မြွေပေါက်ခဲ့ပြီ
နည်းနည်းတော့ ငဲ့ကွက်သင့်ပါတယ်။

(၂၂)
လဆန်းရက်မို့လို့
လဆုတ်ကို ထည့်မတွက်တာလား။
တောင်တက်ခရီးမို့လို့
တောင်အဆင်းကို မစဉ်းစားတာလား။
ရောက်ချင်ရောက်လာနိုင်တဲ့ တချိန်ချိန်ကို
ငါ့လိုများ
မင်း..... ကြိုမမောခဲ့ဘူးလား။

(၂၃)
ငါပဲသိတဲ့ ငါ့အရှုံးကို
(နှစ်ချို့ပြီး)
စံပယ်လို သီကုံးခဲ့ပြီ။
မင်းအပြုံးတ၀က်မှာပဲ
ငါ့မာနတွေ ပြိုလဲခဲ့ပြီ။

(၂၄)
တကွက်ချန် မင်းအချစ်ကြောင့်
ပစ်ရမှာလည်း ခက်ခဲ့ပြီ။
ငါ့စိတ်ရဲ့ အခြားသောဘက်က အတွင်းကြေဒဏ်ရာ
ငါ့ဘာသာ ကြိတ်ကုစားတော့မယ်
ငါ ကွယ်ဝှက်ထးတာ နာကျင်မှု
နင် ကွယ်ဝှက်ထားတာ ဘာလဲ။
မင်းမပြောဘဲ ငါ မသိချင်ဘူး။
မ....သိ....ချင်....တော့......ပါ.....ဘူး။

(၂၅)
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေမှာပဲ
အမျိုးမျိုးသော အမျိုးမျိုးတွေ ဖြစ်ခဲ့တယ်
ဘယ်........တတ်နိုင်ပါ့မလဲ
ကံကြမ္မာရယ်
ငါ ပြင်ဆင်ထားခဲ့တာ ကြာပါပြီ။

သက္ကမိုးညို









1 comment:

  1. ဘုရားဘုရား။ကျေးဇူးပါ

    ReplyDelete