Tuesday, November 16, 2010

နှင်းဆီဖြူ


နှင်းဆီဖြူ

နှင်းဆီဖြူရယ်...
နင်က နင့်အလှ
နင့်မာနတွေနဲ့
ဝံ့ဝံ့စားစားကြီး
လှပလွန်းနေနိုင်လိုက်တာ...။
ငါ့မှာတော့
ငေးကြည့်ရုံတင်။
တွေးမိဖို့တောင်
မ၀ံ့ရဲခဲ့ပါဘူး။

နှင်းဆီဖြူရယ်...
နင့်အဆူးတွေက
ဓားသွားတမျှ
ထက်လွန်းလှနေပါလား...။
နင့်ကို ပိုင်ဆိုင်ဖို့ဆို
ဒီချွန်မြလှတဲ့ အဆူးတွေကို
သွေးစိမ်းစိမ်းထွက်တဲ့အထိ
ငါ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပါတယ်။
လက်ဖ၀ါးက နာကျင်မှုက
နှလုံးသားက နာကျင်မှုလောက်
စာမဖွဲ့နိုင်တာ
နင် သိပါ့မလား နှင်းဆီဖြူ။

နှင်းဆီဖြူရယ်...
ဆူးခက်တွေ အကြားက
နင့်ရဲ့ဖြူစင်မှုတွေကို
ပွင့်ချပ်လွှာ ၀တ်ရုံတွေက
ဖော်ကြူးနေကြတာ
ငါ မြင်မိနေတယ်လေ။
အဲဒီဖြူစင်မှုကပဲ..
ငါနင့်ကို စွဲလန်းမိအောင်
ညှို့ယူနေသရော့လား
နှင်းဆီဖြူ။

နှင်းဆီဖြူရယ်...
နင် ကြားမိရဲ့လား
ဆာလောင်နေတဲ့
နှလုံးသားက
နင့် အမည်နာမကိုပဲ
ရွတ်ဆိုနေတော့တယ်။

သြော်...
နှင်းဆီဖြူရယ်...
မပျော်ပါဘူး.... ....
သူ့ရှင်မရှိတဲ့
နှလုံးသားက
မပျော်ပိုက်ပါဘူး
နှင်းဆီဖြူ။ ။

ရှင်ထိပ်ထား
(NOV 17,2010)
(1:25am)

No comments:

Post a Comment