Tuesday, November 16, 2010

မိမိနှင့် မိမိရှုပ်ထွေးခြင်း


မိမိနှင့်မိမိ ရှုပ်ထွေးခြင်း

လွတ်လပ်ခြင်းဆိုတာ
ဘာလို့ငါ့အတွက်
မဟုတ်ရတာလဲ?
ငါတယောက်တည်း
စိတ်ကူးတွေနဲ့ရူးခွင့်တောင်
မရှိရဘူးလား?

လူဆိုတာ
တခါတလေ
ကိုယ့်စိတ်ကူးကိုယ်တောင်
မပိုင်နိုင်ကြတာ...
ချုပ်ခြယ်ခြင်းဆိုတာ
တနည်းတော့
ချစ်ခြင်းရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်
တခုပဲမလား
မိထိပ်ထားရယ်။

သူတို့ပြောပြောနေတဲ့
အချစ်က
ငါ့အတွက်
လှောင်ချိုင့်တခုအပြင်
ပိုပိုမလာဘူး။
မလိုချင်တော့ဘူး။
မလိုချင်တော့ဘူး။

မိထိပ်ထားရယ်...
နင်ကိုယ်တိုင်က
လှောင်ချိုင့်တခုမှန်း
သိသိရက်နဲ့
ခြေလှမ်းတွေမှ
နောက်မဆုတ်ခဲ့တာ
ခုမှလည်း
မရတော့ဘူး။

သူတို့ကို သနားမိတော့
ငါ အချုပ်ခံရတယ်။
ငါ့ကိုယ်ငါ သနားမိတော့
သူတို့အပြောခံရတယ်။
ဘာတဲ့...?
"နင်က အနိုင်ရသူပါ"တဲ့။
ငါလေ...
မျက်ရည်တွေ ဖုံးကွယ်ထားတဲ့
အပြုံးတခုကို
ပီပီသသ ပြုံးပြခဲ့တယ်။

သြော်...
မိထိပ်ထားရယ်...
သူတို့တွေ မတွေ့ပါဘူး။
နင့်ရင်ထဲက အရှုံးတွေကို
သူတို့မတွေ့ပါဘူး။
ရှိပါစေတော့...
မိထိပ်ထားရယ်...
နင့်ကုသိုလ်နဲ့နင်ပေါ့။

ရှင်ထိပ်ထား
(NOV 17,2010)
(6:10pm)

No comments:

Post a Comment