Sunday, November 14, 2010

ညနက်နက်(၂)


(၁)
"အချစ်"
အရွယ်မျိုးစုံ
ပုံသဏ္ဍာန်မျိုးစုံ
လူတန်းစားမျိုးစုံရဲ့
နှုတ်ဖျားမှာ
အဲဒီ "အချစ်"ဆိုတာ
ရှိတယ်။
ဒါပေမယ့်
"အချစ်က ဘာလဲ"လို့
မေးလိုက်ရင်
တိကျတဲ့အဖြေကို မပေးနိုင်ကျဘူး။
မတိကျတဲ့ အဖြေအတွက်
တိတိကျကျကြီး ခံစားနေကြတာ
တဆိတ်တော့
မိုက်မဲရာကျမနေဘူးလား. . . ?

(၂)
နင်ကတော့
လွတ်မြောက်ခြင်းကို
အဆွေဖွဲ့လို့. . .။
ငါ့မှာတော့
ဘာမဆိုင် ညာမဆိုင်
ကြေကွဲခြင်း နတ်သမီးနဲ့
လက်ထပ်လိုက်ရတယ်...။

(၃)
လူတော်တော်များများက
ပြောကြတယ်. . .
"အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတယ်"တဲ့
အဲလိုပြောတဲ့လူတိုင်းဟာ
သူတို့ကိုယ်တိုင်တောင် မသိလိုက်ပါပဲ
သူတို့ကိုယ်သူတို့
လှည့်စားပြီး တဖက်လှည့်နဲ့
အချစ်ကို
အရယူနေကြသူတွေပဲ။

(၄)
လူတွေက
သူတို့စိတ်ထဲမှာ
စနစ်ကျတယ်လို့ သတ်မှတ်ထားတဲ့
ဘောင်ဝင်မှ
လက်ခံယုံကြည်တတ်ကြတယ်။
ငါကတော့
အဲလို ယုံကြည်လက်ခံလာအောင်
ရှင်းပြဖို့ သိပ်ပျင်းတဲ့
ငပျင်းမလေးပဲ။

(၅)
တယူသန်ဆိုတာ
သူတို့ထင်မြင်ချက်အပေါ်
တထစ်ချ ယုံကြည်ပြီး
စွဲမြဲစွာ လုပ်ကိုင်တတ်ကြတယ်။
သူတို့မှာလည်း
သူတို့အကြောင်းပြချက်နဲ့ သူတို့
တပုံကြီးပါပဲ။
အဲဒီအကြောင်းပြချက်တွေကို
မှားသည် မှန်သည်
ငြင်းနေလို့ကတော့
ခင်ဗျားပဲ မောလိမ့်မယ်။
သူတို့က ပြောင်းလဲလာမှာ
မဟုတ်ဘူး။
အင်း. . .
ခင်ဗျား သိထားဖို့ တခုတော့
ရှိတယ်။
ခင်ဗျားရော. . . သူတို့လို
ကိုယ်မှန်တယ် ထင်တဲ့အရာကို
သတ္တိရှိရှိ ဘယ်လောက်များ
ဆုပ်ကိုင်ထားနိုင်လဲ ?
ဆိုတာပေါ့. . .။

ရှင်ထိပ်ထား
(NOV 3 ,2010)
(1:00 am)

No comments:

Post a Comment