Sunday, May 16, 2010

ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ


"ကျွန်တော့်နတ်သမီးလေး အေးအေးဆေးဆေး အိပ်ပျော်နေပါစေ"

ဝင်သက်၊ ထွက်သက် ဖြည်းဖြည်းချင်းမှာ

အသိစိတ်ကို ခဏလေး လွှတ်ချထား

ကျွန်တော်ချစ်တဲ့ နတ်သမီးလေးလေ . . .

အေးအေးဆေးဆေး အိပ်ပျော်နေရှာတယ

ခါတိုင်းလို စကားတွေ တတွတ်တွတ် မပြောဘဲ၊

ကျွန်တော့်ကို ပြောင်ချော်ချော်မရယ်ပြဘဲ၊

မျက်လုံးလေးမှိတ် . . . သူ အိပ်နေတယ်

ပါးလေးဖောင်းလို့

နှုတ်ခမ်းလေးထော်လို့

ကျွန်တော့်ရဲ့ ခပ်စွာစွာနတ်သမီးလေး

ယဉ်ယဉ်ကျေးကျေး အိပ်ပျော်နေတယ်

သူ့ကို သွားမနှိုးကြပါနဲ့

ကျေးဇူးပြုပြီး မနှိုးလိုက်ပါနဲ့

နတ်သမီးလေး ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေပါစေ

စိုက်ကြည့်မိရင် မနေတတ်မထိုင်တတ်ဖြစ်တဲ့ ကောင်မလေး

ကျွန်တော်ဟာ အခုမှပဲ. . .

သူ ခေါင်းလေးစောင်းပြီး အိပ်နေတာကို ငေးကြည့်ခွင့်ရ

သူ့ဆံပင်လေးတွေပါ ငြိမ်သက်အိပ်ပျော်နေတာကို ငေးကြည့်ရ

ကျွန်တော့ရင်ခုန်သံဟာ သူ့နောက်ကို ကဆုန်ပေါက်ပြီးလိုက်လို့. . .

ကျွန်တော်သိပါတယ်

သူနိုးလာရင် မနည်းတွန်းဖွင့်ထားရတဲ့ မျက်လုံးလေးကို ပြူးနေအောင်ဖွင့်

ကျွန်တော့်ကို လိုက်ရှာတော့မှာ

ကျွန်တော့်ကို မြင်ရင် "ဟီး"ကနဲ တချက်ရယ်ပြမှာ

ကျွန်တော်သိပါတယ်

စက်သေနတ်ပစ်သလို စကားတွေ တတွတ်တွတ်ပြောတော့မှာ

စကားများတယ်လို့ ပြောပြန်ရင်လည်း နှုတ်ခမ်းစူ၊ စိတ်ကောက်တော့မှာ

သူနိုးလာရင် သူ့ကို စိုက်မကြည့်မိအောင်

ကျွန်တော့်မျက်လုံးတွေကို ကပျာကယာ သိမ်းထားဖွက်ထားရမှာ

အဲဒါတွေထားပါ၊ အခုလောလောဆယ်

ကျွန်တော့် ပေကပ်ကပ်နတ်သမီးလေး

ငြိမ်သက်အေးဆေး . . . အိပ်ပျော်နေတယ်။

သူရဿဝါ



No comments:

Post a Comment