Friday, May 14, 2010

အဆိပ်သင့်ပန်း




ချစ်ခင်မှုကို အပြစ်မြင်

ရက်စက်ချင်တဲ့ လူသားကို

နောင်များဆို ရှောင်မယ်

မလောင်ခင်တားတဲ့ မီးလိုပေါ့ . . .။


မြတ်နိုးမှု ပန်းတပွင့်

စတင်ဖူးပွင့်ခဲ့စဉ်မှာ

အဆိပ်ရည်နဲ့လောင်း

လှောင်ပြောင်မှုနဲ့ ပေါင်းသင်

ကဲ. . .

ဒီအပင် ရှင်နိုင်ပါဦးမလား . . .။


မပွင့်တော့မဲ့ ပန်း

မလန်းတော့တဲ့ အပင်

အခု အသက်ငင်နေပြီဆိုမှ

ထည့်ပါဦးလေ မြေသြဇာ

သေလို့သာသွားမယ်

ရမလာနိုင်တော့ဘူး

ဒီအချစ်ပန်းတွေ နွမ်းပါစေတော့ . . .။


တယောက်တည်းရည်စူး

တဦးတည်းပန်စေချင်

ဒီပန်းရဲ့ဖြစ်အင်ကို

သနားလို့ကြည်ဖြူ

ထွေးပွေ့လိုသူတွေ လက်ကမ်းတော့

မင်းက လွမ်းချင်သတဲ့လား. . . . ။


ပြန်ကမ်းတဲ့ ဒီလက်

လှောင်ပြောင်မှုနဲ့ အဆိပ်သက်မှာ ကြောက်လို့

မြတ်နိုးမှုချစ်ခြင်းပန်းတွေ

တခါပြန်လန်းအောင်

ငါကိုယ်တိုင်လည်း မစွမ်းတော့ဘူ. . . .။


မိုးမခနှင်း

No comments:

Post a Comment